ပါကစ္စတန်နိုင်ငံ၌ ၂၀၂၅ ခုနှစ်နောက်ဆုံးပိုလီယိုကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုတွင် ကလေး ၄၄ သန်းကျော် ကာကွယ်ဆေးထိုးနှံပြီးဖြစ်



ဒီဇင်ဘာ ၂၃

ပါကစ္စတန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်ပိုလီယိုကာကွယ်ဆေးထိုးနှံရေးနောက်ဆုံးလှုပ်ရှားမှုတွင် ကလေး ၄၄ ဒသမ ၆ သန်းကျော်ကို အောင်မြင်စွာ ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်း အမျိုးသား အရေးပေါ် စစ်ဆင်ရေး စင်တာ  အီးအိုစီ(EOC) က ယမန်နေ့က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ပြုလုပ်ခဲ့သော ကာကွယ်ဆေးထိုးလှုပ်ရှားမှုတွင် ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းတွင် ကလေး ၂၂ ဒသမ ၉ သန်းနီးပါး၊ တောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် ၁၀ ဒသမ ၆ သန်းခန့်၊ အနောက်မြောက်ပိုင်း ခိုင်ဘာ ပက်ခ်တွန်ကွာပြည်နယ်တွင် ၇ ဒသမ ၁၅ သန်းကျော်နှင့် အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်တွင် ၂ ဒသမ ၅၈ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်ဟု သိရသည်။

အီးအိုစီက မိဘများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ ဥပဒေစိုးမိုးရေးအေဂျင်စီများနှင့် ပိုလီယိုရောဂါကုသရေးဝန်ထမ်းများအား ၎င်းတို့၏ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုအတွင်း ၎င်းတို့၏ကြိုးပမ်းအားထုတ်မှုများအတွက် ပိုလီယိုရောဂါကုသရေး ဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများအား နိုင်ငံ၏စစ်မှန်သောသူရဲကောင်းများဟု ခေါ်ဆိုခဲ့ကြောင်း ဖော်ပြထားသည်။

စာသင်ကျောင်းအခြေပြုကာကွယ်ဆေးထိုးခြင်း၊ ရပ်ရွာလူထုနှင့် တစ်အိမ်တက်ဆင်းလှုပ်ရှားမှုများမှတစ်ဆင့် ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုကိုအကောင်အထည်ဖော်ခဲ့ပြီး ဝေးလံခေါင်သီပြီးအန္တရာယ်များသော နေရာများတွင်ပင် ပိုလီယိုရောဂါပပျောက်စေရန်နှင့် တစ်နိုင်ငံလုံးရှိကလေးများကို ပိုလီယိုရောဂါကာကွယ်ရေး ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.