ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေး
ပြည် ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ (၃၇)ကြိမ်မြောက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပရဟိတ အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးနေမှုကို ကြည့်ရှုအားပေးပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားကာ စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက် မရှိစေရေး ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှု လာရောက် ခံယူကြသူများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် တစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာနှင့် သီးခြား ချီးမြှင့်ငွေများ ပေးအပ်ပြီး ကျောက်ကပ်သွေးသန့်စင်ဌာနကို ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အတွင်းမှ မြို့နယ် ၂၈ မြို့နယ်ရှိ ပြည်သူ့ ဆေးရုံကြီးများတွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ် ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး တစ်လစာ လစဉ် ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments