ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အင်းလေးဒေသ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ နည်းပညာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 



တောင်ကြီး ဒီဇင်ဘာ ၂၃


ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်း သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အင်းလေးဒေသ ကျန်းမာသန့်ရှင်းရေးဆိုင်ရာ နည်းပညာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ တောင်ကြီးဟိုတယ်၌ ကျင်းပသည်။


ရှင်းလင်းတင်ပြ


ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် အင်းလေးဒေသနှင့် ရှမ်းပြည်နယ်အတွင်း ရေရှိရေးနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးတို့က ဆွေးနွေးကြပြီး Wateraim အဖွဲ့က Village Book ရေးဆွဲထားမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ အချက်အလက်များကို လွှဲပြောင်းပေးအပ်သည်။


ယင်းနောက် အင်းလေးဒေသအတွင်း ကျန်းမာသန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများအတွက် INGO၊ NGO များ၏ ရှုထောင့်အမြင်နှင့် အတွေ့အကြုံကောင်းများကို ဆွေးနွေးတင်ပြကြပြီး နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးခြင်းကို အဖွဲ့လိုက်ဆွေးနွေးရာ အဖွဲ့(၁)က အင်းလေးဒေသ ကျန်းမာသန့်ရှင်းရေး ဒီဇိုင်းဖော်ထုတ်ခြင်းခေါင်းစဉ် ဖြင့်လည်းကောင်း၊  အဖွဲ့(၂)က ရှမ်းပြည်နယ် (တောင်ပိုင်း) ရေရရှိရေးလုပ်ငန်းများ  လွှမ်းခြုံမှု တိုးတက်ရေးလုပ်ငန်းများခေါင်းစဉ် ဖြင့်လည်းကောင်း အဖွဲ့လိုက် ဆွေးနွေးကြသည်။


ဆက်လက်ဆွေးနွေး ဖော်ထုတ်ချက်များကို ရှင်းလင်း တင်ပြကြပြီး ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းတာဝန်များ သတ်မှတ်ကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။


ဆွေးနွေးပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောက်တလုံးကြီးမြို့ ပထမနိမ္မိတ သပိတ်မြတ်ဘုရားနှင့် အောင်ဇမ္ဗူ လောင်းဓမ္မာရုံ၌ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များက ဒေသခံပြည်သူများအား မျက်စိ၊ အရေပြား၊ သားဖွားမီးယပ်၊ ကလေးအထူးကု၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်ရောဂါများ အခမဲ့ ကွင်းဆင်း ကုသပေးနေမှုနှင့် တိုင်းရင်းဆေး ဆရာဝန်အဖွဲ့က ခါးနာ၊ ဒူးနာ၊ ခြေထောက်နာရောဂါများ အခမဲ့ ကွင်းဆင်းကုသပေးနေမှု တို့ကို လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးကုသပေးကြသည့် အထူးကုအဖွဲ့အား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.