နေပြည်တော်ကောင်စီဥက္ကဋ္ဌ Naypyitaw State Academy ၌ ကျင်းပသည့် လူငယ်စကားဝိုင်း တက်ရောက်

 



နေပြည်တော် ဒီဇင်ဘာ ၂၂

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် Naypyitaw State Academy ရှိ Function Hall ခန်းမ၌ ကျင်းပသည်။

စကားဝိုင်းသို့ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍကို အထူးအလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်ဖိုရမ်-၂၀၂၅ ကို တစ်နိုင်ငံလုံးရှိ လူငယ် ကိုယ်စားလှယ်များနှင့် ကျင်းပပေးခဲ့ပြီး လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ နေပြည်တော်ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် လူငယ်ကိုယ်စားလှယ်များ ပါဝင်မည့် ငြိမ်းချမ်းရေးလူငယ် မဟာဖိုရမ်ကိုလည်း ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။

ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိဘဝ တိုးတက်မြင့်မားလာစေရန် လက်ရှိတက္ကသိုလ် ကျောင်းသား ကျောင်းသူဘဝကို တန်ဖိုးထားပြီး သင်ကြားနေသည့် ဘာသာရပ်ကို ဘွဲ့ရရုံမဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် လေ့လာရှာဖွေသင်ယူကာ နိုင်ငံတကာဗဟုသုတများ၊ အချိန်နှင့်တစ်ပြေးညီ ဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီသိရှိနေရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက Naypyitaw State Academy အတွက် ထောက်ပံ့ငွေ များနှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အမှာစကား ပြောကြားပြီး Naypyitaw State Academy အတွက် အားကစားပစ္စည်းများကို ပေးအပ်သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ဆွေးနွေးသူလူငယ်များက “ယနေ့ခေတ်လူငယ်နှင့် Vape သုံးစွဲမှုအန္တရာယ် ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးခြင်း၊ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ဆွေးနွေးပွဲတွင် ပါဝင်သူများက ပြန်လည်ဖြေကြားပေးခြင်းတို့ကို ဆောင်ရွက်ကြပြီး ဌာနဆိုင်ရာတာဝန် ရှိသူများက ဆုလက်ဆောင်များ ပေးအပ်ကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)

No comments

Powered by Blogger.