စမ်းချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ကို One Stop Service ဖြင့် ဆောင်ရွက်ပေး
နေပြည်တော် ဒီဇင်ဘာ ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် မလျှောက်ထားသေးသူများကို ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဝန်ထမ်းများက ဒေသခံ ပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ One Stop Service ဖြင့် လုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုအခြေအနေကို လှည့်လည် ကြည့်ရှု အားပေးသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက် မြို့နယ်ရုံး၏ ရုံးခန်းများအတွင်း ရုံးစာရွက် စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားပြီး တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အလုံခရိုင် ဦးစီးမှူးရုံးအတွင်း ဝန်ထမ်းများ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မီပြီးစီး အောင်မြင်စေရန် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရေး မှာကြားသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်ရုံး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments