တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ရွေ့လျားရေသန့်စက်ယာဉ် မောင်းနှင်၊ ထိန်းသိမ်း၊ ပြုပြင်ခြင်းဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ
ရန်ကုန် ဇန်နဝါရီ ၁၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ရွေ့လျားရေသန့်စက် ယာဉ်မောင်းနှင်၊ ထိန်းသိမ်း၊ ပြုပြင်ခြင်းဆိုင်ရာ နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်း နည်းပြများနှင့် နေပြည်တော်ကောင်စီ အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသား ၄၀ တို့ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးက တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံအတွင်း သဘာဝဘေး ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လှူဒါန်းသည့် ရွေ့လျား ရေသန့်စက်ယာဉ်များကို စနစ်တကျမောင်းနှင်၊ ထိန်းသိမ်းတတ်စေရန်၊ ဘေးအန္တရာယ်ကျရောက်ရာ နေရာဒေသ အသီးသီးသို့ အချိန်နှင့်တစ်ပြေးညီ သောက်သုံး ရေသန့်များ ဖြန့်ဝေနိုင်ရန်၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပေါ်လာပါက ကိုယ်တိုင် ပြုပြင်ထိန်းသိမ်း နိုင်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံက နည်းပညာရှင်များ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး လက်တွေ့ သင်ကြားပြသပေးသည့်အတွက် သင်တန်းသားများ အနေဖြင့် နည်းပညာလွှဲပြောင်း ရယူနိုင်မည့် အခွင့်အလမ်းကောင်း တစ်ခုဖြစ်ပြီး ဘေးသင့်ပြည်သူများကို လက်တွေ့ကျကျ အကျိုး ပြုမည့် အထောက်အကူပြု ကိရိယာများဖြစ်သည့်အတွက် သင်တန်းသားများ အနေဖြင့် သင်တန်းနည်းပြများ၏ သင်ကြားပြသမှုကို ဂရုတစိုက် လေ့လာမှတ် သားကြရန်နှင့် သင်တန်းသားများအနေဖြင့် သိလိုသည်များ၊ မရှင်းလင်းသည့် အချက်များရှိပါက အပြန်အလှန် ဆွေးနွေးမေးမြန်းရန်နှင့် မှတ်သားရရှိသည့် နည်းပညာဗဟုသုတ ကျွမ်းကျင်မှုကို မိမိ၏ ဒေသအသီးသီးသို့ ရောက်ရှိသည့်အခါ လက်တွေ့ အကျိုးရှိရှိ ပြန်လည်အသုံးချရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နည်းပညာရှင်များက ရွေ့လျားရေသန့်စက်ယာဉ်များအား လိုက်လံရှင်းလင်းပြသမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)

No comments