ထန်းတပင်မြို့နယ်၌ နွေစပါးလျာထားဧက ၄၈၀၀၀ ကျော်အနက် ဧက ၃၀၀၀၀ ကျော်စိုက်ပျိုးပြီးစီး



ရန်ကုန် ဇန်နဝါရီ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်း နွေစပါးလျာထား စိုက်ဧက ၄၈၀၀၀ ကျော်ရှိသည့်အနက် ဧက ၃၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“ထန်းတပင်မြို့နယ်မှာ နွေစပါးလျာထားစိုက်ဧက ၄၈၆၉၂ ဧက ရှိပြီး လက်ရှိဧကပေါင်း ၃၀၀၇၇ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာ တောင်သူတွေအနေနဲ့လည်း ရက်(၉၀)၊ ဆင်းသုခနှင့် အောင်နိုင်တိုး မျိုးစပါးတွေကို အဓိကစိုက်ပျိုးလျက်ရှိပါတယ်။ လျာထားဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းကိုက ပြောသည်။

 

ထို့ပြင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် တောင်သူများအတွက် စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များ၊ မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်နှင့် စပါးအထွက်နှုန်း များတိုးတက်လာစေရန်အတွက် နွေစပါးစံပြစိုက်ခင်းများတွင် စိုက်ပျိုးနည်းစနစ်များကို သက်ဆိုင်ရာကွင်းအလိုက် ဒေသခံတောင်သူများအား အသိပညာပေး လက်တွေ့စိုက်ပျိုးပြသပေးလျက်ရှိပြီး နွေစပါးစိုက်ခင်းများ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် လိုက်နာရမည့်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ နည်းပညာမျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)

No comments

Powered by Blogger.