ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးတိုင်းအနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

 



ပြည် ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းအနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာ လှပစေရေး၊ စားရေရိက္ခာ ဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့ ခေတ္တရာပန်းခြံ ဘက်စုံအဆင့်မြှင့်တင်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရာသီအလိုက် ပန်းရောင်စုံဖူးပွင့်စေရေး၊မြေယာအလှ ရှုခင်း စနစ်တကျ ဆောင်ရွက်ရန်နှင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဧရာဝတီမြစ် River View အဆင့်မြင့် Coffee Shop များ တည်ဆောက်ထားရှိမှုနှင့် ကမ်းနားလမ်း အဆင့်မြှင့်တင်နေမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားကာ ကမ်းနားလမ်းအား ဖြတ်သန်း စီးဆင်းနေသည့် ဘူးခါးချောင်း၌ ကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ခိုင်ခံ့လှပသည့် ကြိုးတံတားတစ်စင်းဖြစ်စေရေး တည်ဆောက်ရေး လုပ်ငန်းစဉ် တစ်ခုချင်းအလိုက် ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ် ကျွဲသတ်ကျေးရွာအုပ်စု၌ ရေဆင်းပေါ်ဆန်း(၁)နှင့် ရေဆင်း ပေါ်ဆန်း(၂)တို့အား စိုက်ဧက ၁၀၀ အတွက် ပျိုးခင်းစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှု အားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တန်ဖိုးမြှင့် ပေါ်ဆန်းစိုက်ပျိုးရေးဇုန်များ စီမံချက်ပါအတိုင်းဆောင်ရွက်ရန်၊ ပေါ်ဆန်း မျိုးစေ့ထုတ် စိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် တန်ဖိုးမြှင့် ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးနည်းစနစ် သရုပ်ပြသခင်းများ ကျေးရွာအလိုက် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ သာယာဝတီမြို့ ဆရာစံ ခန်းမ ဘက်စုံအဆင့်မြှင့်တင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခန်းမဧရိယာအတွင်း အရိပ်ရပင် များစိုက်ပျိုးရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြားသည်။ ယင်းနောက် သုံးဆယ်မြို့ ဆန်စက် လုပ်ငန်းရှင် ဦးတင်စိုး၏ စွန့်ပစ်စပါးခွံသုံး Gasifier နှင့် Solar စနစ်ဖြင့် ဆန်စက်လည်နေမှု၊ စပါးအခြောက်ခံစက် တည်ဆောက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.