နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက္ကူစက်ရုံ(သာပေါင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်
ဇန်နဝါရီ ၉
နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ ညနေပိုင်းတွင်
မြန်မာစီးပွားရေး ကော်ပိုရေးရှင်းစက္ကူစက်ရုံ (သာပေါင်း)သို့ သွားရောက်
ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား တာဝန်ရှိသူများက
စက်ရုံရှင်းလင်းဆောင်ခန်းမတွင် စက်ရုံသမိုင်းအကျဉ်း၊ နိုင်ငံတော် ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်
မှာကြားချက်များအား လိုက်နာဆောင်ရွက်ပြီးစီးမှု၊ စက်ရုံဆိုင်ရာ အချက်အလက်များနှင့်
ဝန်ထမ်းများ ခန့်အပ်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဝင်ငွေ၊ အသုံးစရိတ်နှင့်
အမြတ်/အရှုံး နှိုင်းယှဉ်မှု၊ သတင်း စာစက္ကူများထုတ်လုပ်ခဲ့မှုနှင့်
ဖြန့်ဖြူးရောင်းချမှု၊ တန် (၆၀) သတင်းစာစက္ကူစက်ရုံတွင် သတင်းစာထုတ်လုပ်မှု
လုပ်ငန်းစဉ်များနှင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိမှု၊ တန် (၅၀) အဆင့်မြင့်
စက္ကူစက်ရုံတွင် အဆင့်မြင့်စက္ကူ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့်
စမ်းသပ်ထုတ်လုပ်နေမှု၊ တန်(၆၀) ဝါးပျော့ဖတ်စက်ရုံတွင် ဝါးပျော့ဖတ်များ
စမ်းသပ်ထုတ်လုပ်လျက်ရှိမှု၊ တန်(၄၀) လောင်စာတောင့် စက်ရုံတွင် လောင်စာတောင့်များ
ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ထုတ်လုပ်နေမှုရည်မှန်းချက် တာဝန်များကို ဆက်လက်အကောင်အထည်ဖော်
ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်က နိုင်ငံတော်အနေဖြင့် ပြည်တွင်းလိုအပ်ချက်ရှိနေသည့်
စက္ကူအမျိုးမျိုးကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရကြောင်း သို့ဖြစ်၍
စက္ကူထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ခြင်းအားဖြင့် ပြည်ပမှတင်သွင်းမှုများကို
လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊
စက်မှုကုန်ကြမ်းများဖြစ်သည့် သစ်၊ ဝါးများ လိုအပ်မှုကို ဖြည့်တင်းပေးနိုင်ရန် သစ်၊
ဝါးများ စိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အထောက်အကူဖြစ်စေပြီး
ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊
စက္ကူထုတ်လုပ်ရန် အခြေခံ လိုအပ်ချက် ဖြစ်သည့် ပျော့ဖတ်ရရှိရေးသည် အရေးကြီးပြီး
အရည်အသွေးကောင်းမွန်သည့် စက္ကူများ ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့်
အခြား လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်
ဝါးပျော့ဖတ်ထုတ်လုပ်ရေးစက်ရုံ၌ ဝါးကုန်ကြမ်းများအား အဆင့်ဆင့် ကြိတ်ခွဲခြင်း၊
ရေနွေးငွေ့ဖြင့် ပေါင်းခံခြင်း၊ အရောင်ချွတ်ခြင်း လုပ်ငန်းများနှင့်
ပျော့ဖတ်ရရှိလာမှု လုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်နေမှုအခြေ အနေတို့ကိုလည်းကောင်း၊
တန် (၅၀) အဆင့်မြင့် စက္ကူစက်ရုံတွင် အဆင့်မြင့် စက္ကူထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်
ထုတ်လုပ်ထားသည့် အဆင့်မြင့်စက္ကူများကိုလည်းကောင်း၊ တန်(၆၀)သတင်းစာ
စက္ကူစက်ရုံတွင် သတင်းစာစက္ကူ ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊
စွမ်းအင်လောင်စာတောင့် စက်ရုံတွင် လောင်စာတောင့် ထုတ်လုပ်နေမှု အဆင့်ဆင့်ကိုလည်းကောင်း
စက်ရုံတစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments