“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော်
ဇန်နဝါရီ ၁၃
“လူငယ်ငြိမ်းချမ်းရေးဖိုရမ်
၂၀၂၆” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ အမျိုးသား
စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အဖွင့်
အမှာစကားပြောကြားသည်။
အခမ်းအနားသို့
ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်
နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး
ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များနှင့် ပြည်ထောင်စုဝန်ကြီးများ၊
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး
ကော်မတီဝင်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်
တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ
လူမှုရေးရာ ဝန်ကြီးများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊
အသိပညာရှင်၊ အတတ်ပညာ ရှင်များ၊ နိုင်ငံတကာသံတမန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်
အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ် ကိုယ်စားလှယ်များ၊
တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးမှ
လူငယ် ကိယ်စားလှယ်များ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် လေ့လာသူများ
တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များအား တိုင်းရင်းသား လူငယ်မောင်မယ်များက လှိုက်လှဲနွေးထွေးစွာ
ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
“လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆” ဖွင့်ပွဲ အခမ်းအနားကို ကော်မရှင် ဒုတိယဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တိုင်းရင်းသားလူငယ် ရှစ်ဦးတို့က
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌက “လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားကို
စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ငြိမ်းချမ်းရေး သစ်ပင်တွင်
ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဆုတောင်း စာလွှာအား ချိတ်ဆွဲပေးသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလူငယ်
မောင်မယ်များနှင့် မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်
အခမ်းအနား တက်ရောက်လာကြ သူများသည် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” အထိမ်းအမှတ်
ပြခန်းများကို လှည့်လည်ကြည့်ရှု ကြသည်။
ယင်းနောက်
အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက အခမ်းအနား
ဖွင့်လှစ်ကြောင်း ကြေညာပြီး “လူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆” အခမ်းအနားအထိမ်း
အမှတ် LED
Animation ဖြင့် စတင်ဖွင့်လှစ်၍ နိုင်ငံတော်အလံအား
အလေးပြုကြသည်။
ဆက်လက်၍
“ငြိမ်ချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး”
ဆိုသည့် Video Clip ကို ပြသသည်။
ထို့နောက်
နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး
ကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု
ဗဟိုကော်မတီဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့ခေတ် လူငယ်များသည်
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့်
လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်ကြောင်း၊ ထို့ပြင် အနာဂတ်နိုင်ငံတော်ကို
ဦးဆောင်ပြီး နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းပခုံးပြောင်း
တာဝန်ယူကြမည့်သူများဖြစ်သည့် အတွက် လူငယ်အားလုံးသည် နိုင်ငံတော်အတွက်
အဓိကအင်အားဖြစ်ကြောင်း၊ လူငယ်များ၏ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်များ
မြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာ
တွေးခေါ်မြော်မြင်လာနိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်းကို
ကောင်းသထက် ကောင်းအောင် တည်ဆောက်နိုင်ကြမည်ဖြစ်ကြောင်း၊ ထို့ပြင်
လူငယ်များ၏လိုအပ်ချက်နှင့် သဘောထားများကို သိရှိနိုင်ပြီး ယခုကဲ့သို့ ဆွေးနွေးအမြင်ချင်းဖလှယ်နိုင်ခြင်းအားဖြင့်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုမိုအားကောင်းလာစေမည်ပင်ဖြစ်ကြောင်း။
နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်
မိမိတို့
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်
မှီတင်း နေထိုင်ကြပြီး အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်အရေအတွက်သည်
နိုင်ငံတော်၏ လူဦးရေ ၃ ပုံ ၁ ပုံခန့်၊ ရာခိုင်နှုန်းအားဖြင့် ၃၃ ရာခိုင်နှုန်း
ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် လူငယ်များ၏ မှန်ကန်သည့် အတွေးအမြင်နှင့်
ခံစားချက်၊ ယုံကြည်ချက်၊ ခံယူချက်များသည် နိုင်ငံတော်အတွက် အဓိက လိုအပ်ချက်ဖြစ်ပြီး
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရယူနိုင်ရေးသည် အရေးပါသည့်
စွမ်းအားဖြစ်သည်ကို အလေးထားပြောကြားလိုကြောင်း။
မျိုးဆက်သစ်
လူငယ်များသည် အနာဂတ်နိုင်ငံတော်အတွက် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်သည့်အတွက် ယခုကျင်းပမည့်ဖိုရမ်ကို
“ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များ ပါဝင်မှုကို မြှင့်တင်ပေး”
ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပဆောင် ရွက်သွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတော်သည်
နယ်ချဲ့လက်အောက် ကျရောက်ခဲ့ပြီး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှု အင်အားနှင့်
ရင်းနှီးပေးဆပ်မှုများစွာဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း၊
လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံဖြစ်သော်လည်း စည်းလုံးညီညွတ်မှုနှင့်
ငြိမ်းချမ်းမှုအားနည်းခဲ့သည့် အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် နှေးကွေးပြီး
အခက်အခဲများစွာဖြင့် သံသရာလည်နေသည်ကို သတိထားသင့်သည့် သင်ခန်းစာအဖြစ်
တွေ့နိုင်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပ အဖျက် အင်အားစုများက
နိုင်ငံတော်အတွင်း စည်းလုံးညီညွတ်မှုပြိုကွဲပြီး နိုင်ငံဖရိုဖရဲဖြစ်စေရန်
နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီး ဖြိုခွဲနေကြသည်ကို အားလုံးအသိပင်
ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်
ရွေးကောက်ပွဲတွင် ဆိုးဆိုးရွားရွား ပြုလုပ်ခဲ့သည့် မဲမသမာမှုများကြောင့်
တပ်မတော်မှ အမျိုးသားနိုင်ငံရေးတာဝန်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ် ထမ်းဆောင်ခဲ့ရကြောင်း၊
အဆိုပါအဖြစ်မှန်ကိုဖုံးကွယ်ပြီး အကြမ်းဖက် NUG၊ CRPH
အဖွဲ့များက တပ်မတော်အနေဖြင့် ဒီမိုကရေစီ
နောက်ပြန်ဆွဲ လုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်များကို
လွဲမှားသည့် မျှော်လင့်ချက်များနှင့်အတူ အကြမ်းဖက်လက်နက်ကိုင် လမ်းစဉ်ဆီ
တွန်းပို့ခဲ့ကြကြောင်း၊ ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ဇန်နဝါရီလ ၁၁
ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကို ကြည့်ပါက
လွတ်လပ်ပြီး တရားမျှတမှုရှိသည်ကို အားလုံးက လက်ခံကြသည့်အတွက် မိမိတို့အနေဖြင့်
ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ ရပ်တည် လျှောက်လှမ်းနေသည် ကို
တွေ့မြင်နိုင်ကြောင်း။
ပြည်ထောင်စုအကျိုးကိုရှေးရှု
လွဲမှားသည့်
လက်နက်ကိုင်လမ်းစဉ်များကြောင့် မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီ
ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအား အရင်းအမြစ်များနှင့် တိုးတက်အစပြုနေပြီဖြစ်သည့်
အခြေခံ အဆောက်အအုံများ မြောက်မြားစွာဆုံးရှုံးခဲ့ရကြောင်း၊ ယခုကဲ့သို့
လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းသည့် နည်းလမ်းသည် နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ
ဘာရလဒ်မှမထွက်ခဲ့သည်ကို သင်ခန်းစာယူဖို့လိုသကဲ့သို့ ဒီမိုကရေစီ
နောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့် ဖြစ်သည်ကို
အမှန်အတိုင်းရှုမြင်ရန် အချိန်ကျနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်
စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြမည်ဆိုပါက
ပြည်ထောင်စု အကျိုးကိုရှေးရှုပြီး PDF အပါအဝင်
လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက် လာရန် နိုင်ငံတော်က
အစဉ်အမြဲ ကြိုဆို ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကမ်းလှမ်း
ဖိတ်ခေါ်သည်ကို အသိပေးပြောကြားလိုကြောင်း။
မိမိတို့နိုင်ငံတွင်
ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများကို
ပြန်ကြည့်ပါက အရေးပါသည့်အောင်မြင်မှုများရှိခဲ့ကြောင်း၊ အထူးသဖြင့်
အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား NCA သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းသည် တည်ငြိမ်မှု၊
ပေါင်းစည်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအတွက် ယနေ့အချိန်အထိ
အရေးပါနေဆဲ ဖြစ်ကြောင်း၊ ပြည်တွင်းပဋိပက္ခကို စစ်ရေးအရမဟုတ်ဘဲ
နိုင်ငံရေးနည်းဖြင့်ဖြေရှင်းသည့် နည်းလမ်းကို ဖြစ်ထွန်းစေခဲ့ခြင်းသည် NCA ပင်ဖြစ်ကြောင်း၊ NCA ကြောင့်ပင် တွေ့ဆုံမှုများ၊ နိုင်ငံရေးဆွေးနွေးမှု များ
ပေါ်ပေါက်လာခဲ့သည့်အပြင် နိုင်ငံအတွင်း ပါဝင်ပတ်သက်သူ အဖွဲ့အစည်းများနှင့်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့်ပူးပေါင်း
ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ခဲ့ သည်ဟုလည်း ဆိုနိုင်ကြောင်း။
သို့သော်လည်း
အမှန်တရားကို မျက်ကွယ်ပြုကာ ပဋိပက္ခ၏ ဇာစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းရန်
နိုင်ငံရေးဆန္ဒ နည်းပါးခဲ့ပြီး မိမိအဖွဲ့အစည်းနှင့် မိမိတို့အကျိုးကိုသာ
အလေးထားခဲ့ခြင်းကြောင့် NCA လုပ်ငန်းစဉ်သည်
ရှေ့ရောက်သင့်သလောက် မရောက်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တစ်တွေ ရရှိ ထားသည့် NCA သဘောတူညီချက်များကို သဘောတူညီချက်အဆင့်၌ပင်
ကျေနပ်ရပ်တန့်မနေကြဘဲ လက်တွေ့အသုံးချ အကောင်အထည်ဖော်နိုင်ရန်ကလည်း
အရေးကြီးကြောင်း။
ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ရေး အပါအဝင် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်း
အကောင်အထည်ဖော် နိုင်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်များကို အကောင်အထည်
ဖော်နိုင်ရန် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု
ညှိနှိုင်းရေးကော်မတီ (NSPNC) သည်
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် NCA အပေါ် အခြေခံထားပြီး ရရှိပြီးသည့်
ငြိမ်းချမ်းရေးခိုင်မာမှုကို ဆက်လက်အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း။
ငြိမ်းချမ်းရေးဆိုသည်ကို
တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာ ရရှိနိုင်မည်ဖြစ်သဖြင့် ငြိမ်းချမ်းရေး
လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား
ဖြစ်သင့်သည်များကို ပြောဆိုပြီး ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ်
ပူးပေါင်းလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မတူသည်များကို ခဏဘေးဖယ်ထား
ဆက်လက်ဆွေးနွေးရင်းနှင့် တူညီသည့် သဘောထားများကို ပူးပေါင်း အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း၊
လက်တွေ့ကျပြီး အောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာ
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ကောင်းကျိုး ကို ရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်သည်ကို
အသိပေးပြောကြားလိုကြောင်း။
လက်နက်ကိုင်
ပဋိပက္ခများ၏ အကျိုးဆက်အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍများတွင်
အားနည်းချက်များ ဖြစ်ပေါ်ခဲ့သည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့်
မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့်
ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ပင်ဖြစ်ကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုပါက
လက်နက်ကိုင် ပဋိပက္ခကိုရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့်
ကျေလည်အောင် ဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေအနေတွင်
လက်နက်ကိုင် ပဋိပက္ခများ အရှိန်မြင့်တက်နေဆဲဖြစ်သည့်အတွက်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရှေ့ကိုမရောက်နိုင်ဘဲ
အတားအဆီးများနှင့်သာ ရင်ဆိုင်နေကြရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ရှေ့ဆက်နိုင်ရန်အတွက် ပြည်သူများပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို
မိမိတို့ဖော်ဆောင်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ယနေ့တက်ရောက် လာကြသည့်
ငြိမ်းချမ်းရေးစိတ်ဝင်စားသူ လူငယ်များအနေဖြင့် တစ်တပ်တစ်အား ကြိုးပမ်း ဆောင်ရွက် ပေးစေလိုကြောင်း။
မိမိတို့အနေဖြင့်
နိုင်ငံတော် တာဝန်များကို တာဝန်ယူချိန်များတွင် “တိုင်းပြည် သာယာဝပြောရေးနှင့်
စားရေ ရိက္ခာဖူလုံရေး” ဆိုသည့် အမျိုးသားရေးရည်မှန်းချက်ကို
ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးအနေအထားအရ စိုက်ပျိုးရေးနှင့်
မွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းကဏ္ဍသည် ထုတ်ကုန်များစွာ
ထုတ်လုပ်နိုင်မည့် အရေးကြီးသည့် ဇာစ်မြစ်ဖြစ်သည့်အလျောက် လူမှုစီးပွားဘဝဖွံ့ဖြိုး
တိုးတက်အောင် အားပေးမြှင့်တင် လျက်ရှိကြောင်း၊ ထိုသို့အားပေးခြင်းဖြင့်
နိုင်ငံတော်တွင် အရွယ်ရောက်သူ လူငယ်တိုင်း သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့်
ကျွမ်းကျင်လုပ်သားများ ပြုစု ပျိုးထောင်ရေးတို့ကို ထိရောက်စွာ
အလေးထားလုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း။
ထို့ပြင်
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ်လူငယ်များ အခွင့်အရေး
အပြည့်အဝ ရရှိနိုင်ပြီး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးသည့် စနစ်ကိုဖော်ဆောင်နိုင်ရန်
လူငယ်များအတွက် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံတော်အနေဖြင့် လူငယ်များကို ကဏ္ဍအလိုက် စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်
အထောက်အကူပြုမည့် လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
ထို့ပြင်ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာရေးအတွက်
အစီအစဉ်များချမှတ် ဆောင်ရွက်လျက်ရှိရာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင်
ပညာရေးဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍသည် အရေးကြီးသကဲ့သို့ ကျန်းမာကြံ့ခိုင်ရေးကလည်း
ထပ်တူထပ်မျှ အရေးကြီးသည့်အတွက် ကျန်းမာကြံ့ခိုင်သည့် လူ့ အဖွဲ့အစည်း ဖြစ်ပေါ်စေရေး
နိုင်ငံတော်က အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်ခြင်းသည်
တိုင်းပြည်ကို ကျန်းမာကြံ့ခိုင်စေမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူငယ်များ အတွင်း
ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားစိတ်ဓာတ် ဖွံ့ဖြိုးလာစေရေးအတွက် တိုင်းရင်းသား
ပြည်သူများက နိုင်ငံတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်
တိုက်တွန်းမှာကြား လိုကြောင်း။
ခိုင်မာတောင့်တင်းသည့်
စီးပွားရေးကို ရရှိပိုင်ဆိုင်ရန်အတွက် ကောင်းမွန်သည့် ပညာရေးစနစ်သည် မရှိမဖြစ် လိုအပ်သော
အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ လူငယ်များကို ငယ်ရွယ်စဉ်ကတည်းက
ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ကာယ၊ ဉာဏ၊
စာရိတ္တ၊ ဘောဂ၊ မိတ္တဆိုသည့် ဗလငါးတန်နှင့် ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ
ဖြစ်လာအောင် ပြုစု ပျိုးထောင်သွားရမည် ဖြစ်ကြောင်း၊ ထိုအတွက်လည်း
နိုင်ငံတော်အနေဖြင့် လူငယ်များအတွက် ကဏ္ဍပေါင်းစုံတွင် ရင်းနှီးမြှုပ်နှံမှုများ
ဆောင်ရွက် ပေးလျက်ရှိကြောင်း။
အခြေခံပညာကျောင်းများ ကစပြီး စနစ်တကျ ပြုစုပျိုးထောင်
“အစကောင်းမှ
အနှောင်းသေချာ” ဆိုသကဲ့သို့ လူငယ်လူရွယ်များကို အခြေခံပညာကျောင်းများ ကစပြီး စနစ်တကျ ပြုစုပျိုးထောင်သွားရန်
လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍသည် လူတစ်ဦး၏ကိုယ်ရည် ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့်
စံတန်ဖိုးများကို ဖွံ့ဖြိုးစေသည့် အခြေခံအင်အား ဖြစ်သည်နှင့်အညီ လူတစ်ဦးချင်းစီ၏
ဘဝတိုးတက်မှုကိုသာမက နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကိုပါ
ပုံဖော်ပေးနိုင်မည်ဖြစ်ကြောင်း။
ကျောင်းသား
ကျောင်းသူလူငယ်များကို ပညာရေးနှင့် ကိုယ်ကျင့်တရားကောင်းမွန်ပြီး တာဝန်သိ၍
စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်ရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာအောင်
ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ပါကြောင်း၊ ပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်
လူငယ်တွေဖြစ်လာအောင် ပြုစုပျိုးထောင်ပြီး နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများ ဖြစ်လာအောင် လေ့ကျင့် ပျိုးထောင်ပေးကြရန်
လိုအပ်ကြောင်း၊ အနာဂတ် နိုင်ငံတော်ကို ဦးစီးဦးဆောင်ပုံဖော် ကြမည့် မျိုးဆက်သစ်
ကျောင်းသားကျောင်းသူ လူငယ်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာအောင်၊
ယုံကြည်ချက်၊ ခံယူချက်ကောင်းသူများဖြစ်လာအောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးကြရန်
လိုအပ်ကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးကြမည်ဖြစ်ခြင်းကြောင့်
စိတ်ဓာတ်၊ စည်းကမ်း ကောင်းပြီး စာပေပညာ၊ အတတ်ပညာ ပြည့်စုံသည့် လူငယ်များကို
မွေးထုတ်ပေး ခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နေခြင်းပင်ဖြစ်ကြောင်း၊
ရုပ်ပိုင်းဆိုင်ရာများ၊ နည်းပညာများ မည်သို့ပင် ဖွံ့ဖြိုးတိုးတက်နေပါစေ
ကိုင်တွယ်အသုံးပြုသူများ၏ စိတ်ဓာတ်များ မကောင်းကြပါက ဆိုးကျိုးများလည်း
ကြုံတွေ့ရနိုင်ကြောင်း၊ ထို့ကြောင့် ယနေ့လူငယ်များ၏ စိတ်ဓာတ်များ ကောင်းနေစေရေး
ကြိုးပမ်းကျင့်ကြံသွားကြရန်နှင့် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန်
တိုက်တွန်းမှာကြားလိုကြောင်း။
ယနေ့
နိုင်ငံတော်အတွက် အဓိက လိုအပ်လျက်ရှိသည့် ငြိမ်းချမ်းရေးကဏ္ဍတွင် လူငယ်များကိုယ်တိုင်
ပါဝင်ပူးပေါင်း ဆောင်ရွက်ပြီး နောင်လာမည့် မျိုးဆက်သစ်များအတွက်
ငြိမ်းချမ်းရေးအမွေ ပေးနိုင်မှသာ မိမိတို့တာဝန်ကျေလိမ့်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်
လူငယ်များအနေဖြင့် အတိတ်သမိုင်းကို သင်ခန်းစာယူပြီး မှန်ကန်သည့် လမ်းကြောင်းကို
ရွေးချယ်တတ်ရန်နှင့် လောက ကောင်းကျိုးကို ဆောင်ကြဉ်းပေးနိုင်
ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့၏ အတွေးအမြင်များကို ဖော်ထုတ်ပြီး
မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်အပြည့်နှင့် ပူးပေါင်းအကောင်အထည်ဖော်
ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း၊ ထို့ပြင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသည်
နိုင်ငံအတွင်း နေထိုင်သူအားလုံးနှင့် သက်ဆိုင်ခြင်းကြောင့် အားလုံးက
ဝိုင်းဝန်းပါဝင် ဆောင်ရွက် ကြရမည်လည်း ဖြစ်ကြောင်း၊ ယခုအချိန်တွင်
နိုင်ငံ၏အမျိုးသားရေး ကိစ္စများတွင် လူငယ်များ တက်တက်ကြွကြွ ပါဝင်လာနေကြသည်ကို
တွေ့ရသဖြင့် ကျေးဇူးတင် ဝမ်းမြောက်သည်ကိုလည်း ပြောကြားလိုကြောင်း။
နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့်
တိုင်းရင်းသား တိုင်းရင်းသူ လူငယ်အားလုံးတို့၏ စည်းလုံးညီညွတ်သည့် အင်အားနှင့်
နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင်
ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး သမိုင်းပေးတာဝန်များကို
ကျေပွန်စွာကြိုးပမ်းဆောင်ရွက်ရင်း သာယာ လှပသည့် နိုင်ငံ့အနာဂတ်ကို
တည်ဆောက်ကြပါစို့ဟု နှိုးဆော်တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ယင်းနောက်
နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးရာတွင် လူငယ်ဟု အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အသက် ၁၅ နှစ်မှ
၃၅ နှစ် အထိကို လူငယ်ဟု သတ်မှတ်ထား ပြီး ၁၅ နှစ်မှ ၂၅ နှစ်အထိ အရွယ်ကို
ပညာသင်ယူလျက်ရှိသည့် အရွယ်၊ ၂၅ နှစ်မှ ၃၅ နှစ်အထိ အရွယ်ကိုအများအားဖြင့်
တတ်မြောက်ထားသည့် ပညာများဖြင့် ရပ်တည် အလုပ်လုပ်ကိုင်နေသည့် လူငယ်များဖြစ်ကြကြောင်း၊
ဒီဇင်ဘာ ၂၈ ရက်နှင့် ယခုလ ၁၁ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) နှင့်
(၂) တို့တွင် လူငယ်လူရွယ်များ များပြားစွာ ပါဝင်ဆန္ဒမဲပေးကြခြင်းကို
တွေ့ရှိရသည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့် လက္ခဏာပင် ဖြစ်ကြောင်း၊
အနာဂတ်တွင် လူငယ်၊ လူရွယ်များ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေး ရမည်ဖြစ်ပြီး
ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို ပါဝင်ဆောင်ရွက်နိုင်ရ မည်ဖြစ်ကြောင်း။
ပညာရေးအဆင့်မြှင့်တင်
ပညာသင်ကြားရာတွင်
အခြေခံပညာအဆင့်နှင့် အဆင့်မြင့်ပညာများ သင်ကြားလျက်ရှိကြောင်း၊ အခြေခံ ပညာအဆင့်သင်ကြားရာတွင်
အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုကိုပါ ထည့်သွင်း သင်ကြားပေးပါက အခြေခံပညာ
အဆင့်ပြီးဆုံးသည်နှင့် အသက်မွေးဝမ်းကျောင်းပညာကို လွယ်ကူစွာ
ကူးပြောင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်မိမိတို့အနေဖြင့် ပညာရေး
ပြုပြင်ပြောင်းလဲခြင်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါ အခြေခံပညာ
အလယ်တန်းအဆင့် (KG+9) ကို မသင်မနေရအဆင့်
သတ်မှတ်ပြီး ပညာရေးအဆင့်မြှင့်တင်နေပြီဖြစ်သဖြင့် အခြေခံပညာ အထက်တန်း အဆင့်တွင်
အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက်သည့် ပညာရပ်သင်ကြားပေးရုံ သာမက အလယ်တန်းအဆင့်၌
လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံဗဟုသုတများ သင်ကြား ပေးရန်
စီစဉ်နေကြောင်း၊ အခြေခံ ပညာ အထက်တန်းအဆင့် KG+10၊ KG+11 နှင့် KG+12 တို့တွင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု ဘာသာရပ်များကို သင်ကြားပေး ရန်
ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဘာသာရပ်များကို စိတ်ပါ ဝင်စားသူများအနေဖြင့် ဆက်လက်
၍ သင်ကြားနိုင်ကြောင်း။
အခြေခံပညာ အထက်တန်း
(တက္ကသိုလ်ဝင်) စာမေးပွဲတွင် မအောင်မြင်သည့် လူငယ်များ အတွက်လည်း အသက်မွေး
ဝမ်းကျောင်းပညာ သင်ကြားပေးနိုင်ရန်အတွက် အတွေးအခေါ်များ ရရှိစေရေး
လာမည့်ပညာသင်နှစ်တွင် ဘာသာရပ်များအလိုက် သင်ကြားပေးရန် စီမံဆောင်ရွက်လျက်ရှိ
ကြောင်း၊ ၎င်းတို့ စိတ်ပါဝင်စားရာ ဘာသာရပ်များအလိုက် ဆက်လက်၍ သင်ကြားနိုင်သကဲ့သို့
အခြားဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များ ကိုလည်း ရွေးချယ်သင်ယူသွားနိုင်ကြောင်း။
အလားတူ
အဆင့်မြင့်ပညာနှင့် ပတ်သက်၍လည်း ထိုက်ထိုက်တန်တန်ဖြစ်စေရေး သင်ကြားပေးရန်
ဆောင်ရွက်လျက်ရှိကြောင်း၊ အတတ်ပညာသည် လူတော်ဖြစ်စေပြီး အသိပညာသည် လူကောင်း
ဖြစ်စေကြောင်း၊ အတတ်ပညာရှိရန်အတွက် အတန်းပညာရှိရန်လိုကြောင်း၊ ထို့ကြောင့်
ကျောင်းနေအရွယ် လူငယ်များအားလုံး ကျောင်းနေစေရေးနှင့် အတန်းပညာများ
ပြီးမြောက်စေရေး နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိ သကဲ့သို့ မိဘများနှင့်
ကျောင်းသား ကျောင်းသူများ ကိုယ်တိုင်အနေဖြင့်လည်း
ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အတန်းပညာများ မြင့်မားမှသာ အတတ်ပညာများ
မြင့်မားလာမည်ဖြစ်ကြောင်း။
အခြေခံပညာတတ်သည့်
ရာခိုင်နှုန်းများ မြင့်မားလာရေးသည် နိုင်ငံတော်အတွက် အရေးကြီး လိုအပ်ချက် ဖြစ်ကြောင်း၊
အများအားဖြင့် ပြည်နယ်များနှင့် ဝေးလံခေါင်းပါးသည့် တိုင်းဒေသကြီး အချို့တွင်
ပညာရေးအားနည်းသည်ကိုတွေ့ရကြောင်း၊ အတန်းပညာမရှိပါက အတတ်ပညာမရှိသည့် အတွက်
လူသားအရင်းအမြစ်များလည်း ရရှိမှုနည်းပါးကြောင်း၊ အသိပညာအားနည်းပါကလည်း
လူကောင်းများ နည်းပါးစေပြီး နိုင်ငံ၏ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်ကြောင်း၊
ထို့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ညီညွတ်မှုရှိစေရေး အသိပညာရှိသည့်
လူငယ်လူရွယ်များ များပြားလာရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့်
အသိပညာများ တိုးပွားလာစေရေး စာအုပ်စာပေများကို အမြဲဖတ်ရှု လေ့လာနေရန်လိုကြောင်း။
ပညာရေးအားနည်းချက်ကြောင့်
ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လိုအပ်ချက်များရှိသည်ကို တွေ့ရကြောင်း၊
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်စနစ်နှင့် ပတ်သက် သည်များ၊
တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်သည်များကို အဓိကထား ပြောကြားကြကြောင်း၊ ထိုအထဲတွင်
ဒေသဖွံ့ဖြိုးမှု၊ စီးပွားရေးတိုးတက်ကောင်းမွန်မှုများလည်း ပါဝင်ကြောင်း၊
မိမိတို့နိုင်ငံ လွတ်လပ်ရေး ရရှိပြီးစအချိန်မှစ၍ ပါလီမန်စနစ်ကို ကျင့်သုံးခဲ့ပြီး
၁၉၆၂ ခုနှစ်မှစ၍ ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေးထွက်ပေါက်များ
နည်းပါးခဲ့ကြောင်း၊ ထိုအချိန်တွင် ခံစားချက်များ ဖြစ်ပေါ်ပြီး
ဒီမိုကရေစီနှင့်ပတ်သက်သည်များ၊ နိုင်ငံရေးနှင့်ပတ်သက်သည်များ ပြောကြားလာကြကြောင်း၊
မိမိတို့နိုင်ငံသည် ပြည်ထောင်စုအဖြစ် ဖွဲ့စည်းထားသဖြင့် ဖက်ဒရယ်အခွင့်အရေးများ
လိုအပ်သည်များလည်း ရှိကြောင်း၊ နေရာဒေသအလိုက် တူညီမှုမရှိသဖြင့်
ဖက်ဒရယ်အခွင့်အရေးများ လည်း တူညီမှုမရှိသည်ကို တွေ့ရကြောင်း၊ တောင်းဆိုသည့်
ဖက်ဒရယ် အခွင့်အရေးတောင်းဆို မှုများသည် တူညီမှုမရှိကြကြောင်း၊
ထိုသို့ဖြစ်ရခြင်းမှာ ပညာတတ်များ အားနည်းခြင်းကြောင့် ဖြစ်သည် ကို
တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ ပညာရည် မြင့်မားရေး
ဆောင်ရွက်ပေးရန် အတွက် လူငယ်များအနေဖြင့် မိမိတို့ တိုင်းရင်းသားများ၏
ပညာသင်ကြားရေးအတွက် အလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း။
တိုင်းရင်းသားလူမျိုးများ
ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်များနှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ
ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဝေးလံခေါင်းပါးသည့် ဒေသများတွင်ရှိသည့် တိုင်းရင်းသားများ၏
လူမှုစီးပွားများ မြှင့်တင်ပေးနိုင်ရေးရည်ရွယ်၍ လူငယ် လူရွယ်များကို သင်ကြားမွေးထုတ်ပေးနေခြင်းဖြစ်ကြောင်း၊
အဆိုပါ သင်တန်းကျောင်းများမှ သင်တန်း ဆင်းသည့် လူငယ်များအား မိမိတို့ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည့် ဌာနများနှင့် သက်ဆိုင်ရာ
အုပ်ချုပ်မှုဆိုင်ရာ ဌာနများတွင် တာဝန်ထမ်းဆောင် နိုင်ရန်လိုကြောင်း။
နိုင်ငံတော်
တစ်ဝန်းတွင် တက္ကသိုလ်များနှင့် ကောလိပ်များကို
ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ပညာသင်ကြားမှုများကို ပိုမိုထိရောက်စေရန်အတွက်
ပိုလီတက္ကနစ်နည်းပညာ တက္ကသိုလ်များ ဖွင့်လှစ် ပေးလျက်ရှိပြီး ထပ်မံ၍လည်း
တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် နေခြင်းသည်
နိုင်ငံတော်အတွက် လိုအပ်သည့် ပညာတတ် လူသားအရင်းအမြစ်များကို မွေးထုတ် ပေးနိုင်ရန်ဖြစ်ကြောင်း၊
ထို့ကြောင့် အဆိုပါတက္ကသိုလ်များ၌ တိုင်းရင်းသားများ တက်ရောက် ရန်လိုကြောင်း။
ပညာရေးနှင့်ပတ်သက်၍
ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအားလုံး ပညာရေး ပြီးဆုံးသည်အထိ
သင်ကြားနိုင်အောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး နှင့်ပတ်သက်၍
အဖျက်သမားများအနေဖြင့် နှောင့်ယှက်ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိကြကြောင်း၊
နိုင်ငံတော်မှ ဆောင်ရွက်ပေးထားသည့် လမ်း၊ တံတားများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ
အဆောက်အအုံများအား အဖျက်သမားများမှ ဖျက်ဆီးမှုများ မပြုလုပ်စေရေး ဝိုင်းဝန်းတားဆီး
ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့အဖျက်အမှောင့်လုပ်ငန်းများ
ဆောင်ရွက်ခြင်းကြောင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို များစွာထိခိုက်စေကြောင်း။
လူငယ်များ၏
တတ်ကြွသည့် စိတ်၊ သင်ကြားထားသည့် အတတ်ပညာနှင့် လူကြီးများ၏ အတွေ့ အကြုံများ ပေါင်းစပ်၍
တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊
အလားတူ တာဝန်ရှိသူများအနေဖြင့် လူငယ်များကို
မြေတောင်မြှောက်ပေးနိုင်ရန်လိုကြောင်း၊ ယခု ရွေးကောက်ပွဲ ကျင်းပချိန်တွင်လည်း
လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြသူများတွင်
လူငယ်များလည်းပါဝင်သည်ကို တွေ့ရကြောင်း၊ လူငယ်များကို နေရာပေးရန်
အချိန်တန်ပြီဖြစ်သဖြင့် လာမည့်နိုင်ငံရေးအခင်း အကျင်းတွင် လူငယ်များကို နေရာပေးသွားရန်
လိုကြောင်း၊ လူငယ်များအနေဖြင့် တိုးတက်မှုကိုလိုလားကြကြောင်း၊ ထို့ကြောင့်
မိမိတို့ဒေသတွင် နေထိုင်ကြခြင်းထက် ဖွံ့ဖြိုးတိုးတက်သည့် ဒေသများသို့သွားရောက်၍
အလုပ်အကိုင်များ လုပ်ကိုင်ကြသည်ကို တွေ့ရကြောင်း၊ မိမိတို့သင်ယူခဲ့သည့် အသိပညာ၊
အတတ်ပညာများကို လူကြီးများ၏ အတွေ့အကြုံများနှင့် ပေါင်းစပ်၍ မိမိတို့ဒေသ
တိုးတက်ရေးကို တတ်နိုင်သမျှ ဆောင်ရွက်သွားရန် လိုကြောင်း။
ဖွံ့ဖြိုးတိုးတက်မှု
အားနည်းသည့် ဒေသများတွင် ပညာရေးကို မြှင့်တင်ပေးပြီး လူငယ်များ၏ အားများ၊
လူကြီးများ၏ အတွေ့အကြုံများနှင့် နိုင်ငံတော်၏ ပံ့ပိုးကူညီမှုများ ပေါင်းစပ်၍
ဆောင်ရွက်သွားမည် ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ပြီး ဒေသအလိုက်
ငြိမ်းချမ်းရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များ၏ စွမ်းဆောင်ရည်
အခန်းကဏ္ဍသည် အရှိန်အဟုန် ကြီးမားကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပပြုလုပ်သည့်
“လူငယ်ငြိမ်ချမ်းရေးဖိုရမ် (၂၀၂၆)” သည် လူငယ်များနှင့် နိုင်ငံတော်အတွက် များစွာအကျိုးရှိသည့်
ဖိုရမ်တစ်ခုဖြစ်ကြောင်း၊ ယခုဖိုရမ်တွင် ပါရဂူဘွဲ့ ငါးဦး၊ ဘွဲ့ကြိုဘွဲ့ ၂၁၆ ဦး၊
ဘွဲ့လွန်ဘွဲ့ ၅၈ ဦး၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ ၁၆ ဦး၊ ဒီပလိုမာနှင့်
အခြားသင်တန်းသား ၂၅ ဦး စုစုပေါင်း ၃၂၀ ပါဝင်သည်ဟု သိရှိရကြောင်း၊
လူသားအရင်းမြစ်နှင့် ပတ်သက်၍ အားရဖွယ်ရှိသည့် ပါဝင်မှုပင်ဖြစ်ကြောင်း၊ ထို့ကြောင့်
ယခုဖိုရမ်တွင် အားနည်းချက်များကို ဖော်ထုတ်ပြီး ဆွေးနွေးသည့် အဆင့်သာမကဘဲ
အကောင်အထည်ဖော်နိုင်သည့် အဆင့်အထိသွားနိုင်ရန် အနာဂတ်နိုင်ငံရေး အခင်းအကျင်းတွင်
ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဖိုရမ်ကျင်းပသူများနှင့် ပါဝင်သူလူငယ်များအနေဖြင့်
ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
လက်ဆောင်ပစ္စည်း ဂါရဝပြု ပေးအပ်
ဆက်လက်၍
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌထံ ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က “လူငယ်ငြိမ်းချမ်းရေးဖိုရမ်
(၂၀၂၆)” အထိမ်းအမှတ် လက်ဆောင် ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။
ထို့နောက်
လူငယ်များကိုယ်စား နေပြည်တော် ကောင်စီနယ်မြေမှ မောင်ထက်မြက်သူနှင့် မန္တလေး
တိုင်းဒေသကြီးမှ မရွှန်းမြတ်မိုးကျော် တို့က အမှတ်တရစကားများ ပြောကြားကြသည်။
ယင်းနောက်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာန
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အနုပညာရှင် ဝန်ထမ်းများနှင့် ပြင်ပအနုပညာ
ရှင်များက “လူငယ့်အားမာန် တိုင်းပြည်အဖိုးတန်” တေးသီချင်း၊ “အနာဂတ်ပန်း”
တေးသီချင်း၊ “ National Peace” တေးသီချင်းနှင့်
“ပန်းရောင်စုံနဲ့ လှတဲ့မြေ” တေးသီချင်းတို့ကို သီဆိုကပြ ဖျော်ဖြေ တင်ဆက်ကြသည်။
ဆက်လက်၍
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌက သီဆိုကပြဖျော်ဖြေခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်
ငွေကျပ်သိန်း ၅၀၀ အား ချီးမြှင့်ပေးအပ်သည်။
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်
ဥက္ကဋ္ဌသည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး
ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
“လူငယ်ငြိမ်းချမ်းရေး
ဖိုရမ် (၂၀၂၆)” ကို ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း တည်ငြိမ်ရေးတွင်
အားလုံးပါဝင်သော လူငယ်များ၏ ဆောင်ရွက်ချက်များ အရေးကြီးမှုကို ပေါ်လွင်စေရန်၊
အပြုသဘော ဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့်
သက်ဆိုင်သောကိစ္စရပ်များ၊ စိတ် သဘောထားများနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာရန်နှင့်
လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ငြိမ်းချမ်းသော အသိုက်အဝန်းများ
အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌
လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍကို ဖော်ထုတ်ရန်၊ တွေ့ဆုံဆွေးနွေးခြင်း၊
ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသော ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင်
လူငယ်များ၏ စွမ်းရည်များ ပိုမိုခိုင်မာလာစေရန်၊ ရှေရှည် တည်တံ့ ခိုင်မြဲသော
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ
အနာဂတ် စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏
အကြံပြုချက်များ ပေါ်ထွက်လာ စေရန်နှင့် “လူငယ်ငြိမ်းချမ်းရေး ဖိုရမ် (၂၀၂၆ )” မှ
ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်း၍ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက်
လူငယ်ငြိမ်းချမ်းရေး ဆိုင်ရာ ကြေညာစာတမ်းတစ်ရပ်အား ရေးဆွဲတင်ပြရန်ဆိုသည့်
ရည်ရွယ်ချက်များဖြင့် “လူငယ် ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆)” ကို ဇန်နဝါရီ ၁၃ ရက်မှ
၁၅ ရက်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်
No comments