ဧရာဝတီမြစ် မန္တလေးမြို့အဝင် ရေလမ်းကောင်းမွန်ရေးနှင့် ဒုဋ္ဌဝတီမြစ် ကမ်းထိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
မန္တလေး ဇန်နဝါရီ ၁၃
ဧရာဝတီမြစ် မန္တလေးမြို့အဝင် ရေလမ်းကောင်းမွန်ရေးနှင့်
ဒုဋ္ဌဝတီမြစ်ကမ်းထိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို
ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)၊ ညွှန်ကြားရေးမှူး
(ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီမြစ်သည်
မြန်မာနိုင်ငံ၏အကြီးဆုံးနှင့် အရှည်ဆုံးဖြစ်ပြီး ဧရာဝတီမြစ်ကို အမှီပြု၍ စိုက်ပျိုးရေး၊
မွေးမြူရေးလုပ်ကိုင်နေသူများ၊ ကုန်စည်စီးဆင်းမှုနှင့် ရေလမ်းအသုံးပြုသူများအတွက် အရေးအပါဆုံး
မြစ်ကြီးတစ်စင်းဖြစ်ကြောင်း၊ မန္တလေးမြို့ဆိပ်ကမ်း ရေလမ်းဖွံ့ဖြိုးစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး
ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးနေကြောင်း၊ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် ထိရောက်သည့် ကာကွယ်နိုင်မှုရှိစေရေးနှင့် ကုန်ကျစရိတ်အရ အကျိုးသက်ရောက်မှု
လိုက်လျောညီထွေဖြစ်စေရန် ထည့်သွင်းတွက်ချက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တိမ်ကောမှုမဖြစ်အောင်၊
လမ်းပန်းဆက်သွယ်ရေး ရေကြောင်းကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်အောင် အားလုံးဝိုင်းဝန်း
ပူးပေါင်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း
ပြောကြားသည်။
ယင်းနောက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က လက်ရှိမြို့အဝင်ရေလမ်း အခြေအနေ၊
ရေလမ်းဖွံ့ဖြိုးစေရေး ရေရှည်အစီအမံများ၊ ကမ်းပါးတစ်လျှောက် ကာကွယ်ထိန်းသိမ်းထားသော
ကမ်းထိန်းတမံများ သာယာလှပမှုရှိစေရေး ပြုပြင်ထိန်းသိမ်းရန် နည်းပညာဆိုင်ရာပံ့ပိုးမှုများဖြင့်
သောင်တူးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ညောင်ဦးမြို့နယ်ရှိ
ဗူးဘုရားကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေသည့်
လုပ်ငန်းများနှင့် ဆောင်ရွက်မည့်လျာထားလုပ်ငန်းများ၊ ညွှန်ကြားရေးမှူး (ရေလမ်းထိန်းသိမ်းရေး
လုပ်ငန်းများဌာန)က တံတားဦးမြို့နယ် ဒုဋ္ဌဝတီမြစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကမ်းပြိုကာကွယ်ရေး
လုပ်ငန်းများ၊ ရာဂီမုန်တိုင်းနှင့် မန္တလေးငလျင်ကြီးတို့ကြောင့် မူလကမ်းပါးအခြေအနေနှင့်
ကမ်းထိန်း လုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့မှု၊ နည်းပညာကော်မတီ၏သုံးသပ်ချက်များနှင့်
ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများက
ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments