ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရေးဆိုင်ရာ ဦးစီးကော်မတီ အစည်းအဝေးကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၃

 

ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီ တည်ထောင်ရေးဆိုင်ရာ ဦးစီးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် နေပြည်တော်၌ ကျင်းပသည်။

 

ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရေးဆိုင်ရာ ဦးစီးကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဦးစီးကော်မတီအဖွဲ့ဝင်များ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်၊ ဦးစီးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အရာထမ်းများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ငွေရေး ကြေးရေး စနစ် တည်ငြိမ်ရေး ထိန်းသိမ်းရန်၊ဘဏ်များ၏ အရင်းနှင့်အတိုး ပေးဆပ်ရန် ပျက်ကွက်သော ချေးငွေများကို စနစ်တကျစီမံခန့်ခွဲ၍ ငွေရေးကြေးရေးစနစ် ပိုမိုခိုင်မာတောင့်တင်းစေရန်နှင့် ချေးငွေ အသစ်များ ထုတ်ချေးခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေရန် ဖြစ်ပါကြောင်း နိုင်ငံတကာမှ ဆောင်ရွက်နေသည့် အတွေ့အကြုံများအပေါ် မူတည်၍ ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီဖွဲ့စည်း တည်ထောင်ရေးအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၂၅ခုနှစ် ဩဂုတ်၂၅ ရက်တွင် အမိန့်ကြော်ငြာ စာအမှတ် ၁၄၁/၂၀၂၅ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်းနှင့် ကော်မတီ၏ တာဝန်များကို ဦးစွာရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ရရန်ပိုင်ခွင့်များစီမံခန့်ခွဲရေးကုမ္ပဏီဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းအ‌ထောက်အကူပြုအဖွဲ့ သုံးဖွဲ့က လေ့လာတင်ပြထားသော နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် လုပ်ထုံးလုပ်နည်းများနှင့် စံသတ်မှတ်ချက်များအရ မိမိနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိသော ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီ ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် လက်ရှိဘဏ်များတွင် ဖြစ်ပေါ်လျက်ရှိသည့် အရင်းနှင့်အတိုး ပေးဆပ်ရန် ပျက်ကွက်သောချေးငွေများ အခြေအနေများနှင့် ‌လျှော့ချဆောင်ရွက်လျက်ရှိသည့် နည်းလမ်းများ၊ ထို့ပြင် အဆိုပါကုမ္ပဏီတည်ထောင်ရန် လိုအပ်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပြဋ္ဌာန်းနိုင်ရန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များသတ်မှတ်နိုင်ရန် ဆွေးနွေး တင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်လာသူ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးပြီး ဦးစီးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.