ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မဲရုံများခင်းကျင်းထားရှိမှု စစ်ဆေး
နေပြည်တော် ဇန်နဝါရီ ၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ
ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ တန့်ယန်း ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊
တန့်ယန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ
ယနေ့မွန်းလွဲပိုင်းတွင် တန့်ယန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ခင်းကျင်းထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တန့်ယန်းမြို့ အမှတ် (၂) ရပ်ကွက်၊
အမှတ် (၃) ရပ်ကွက်တို့ရှိ မဲရုံငါးရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ဆောင်ရွက်ရမည့်
လုပ်ငန်းများ၊ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းရှာဖွေရာတွင် လွယ်ကူလျင်မြန်စွာ ကူညီရှာဖွေနိုင်ရေးအတွက်
Tablet များ စီစဉ်ထားရှိမှု အခြေအနေများ၊ နိုင်ငံသားစိစစ်ရေးကတ်များပေါ်တွင် မဲစာရင်းနံပါတ်
ကပ်ထားပေးမှုနှင့် အဆိုင်းတိုးမဲရုံများတွင် ထပ်မံခန့်အပ်သည့် မဲရုံအဖွဲ့ဝင်များအား
မဲပေးမည့် လုပ်ငန်းစဉ်များ ကျွမ်းကျင်စွာ သိရှိနားလည်နိုင်စေရန် မဲရုံမှူးများက သင်ကြားပြသမှု
အခြေအနေများကို ရှင်းလင်းမှာကြားကာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏
တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments