နေပြည်တော်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များအတွက် ဒုတိယအကြိမ် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
နေပြည်တော် ဇန်နဝါရီ ၁၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ဒုတိယအကြိမ် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများနှင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် တစ်မိနစ် ငြိမ်သက်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေအိမ်ပျက်စီးမှုများနှင့် စပ်လျဉ်း၍ ကနဦးစာရင်းအရ တစ်စိတ်တစ်ပိုင်း ၁၅၀၇ လုံး၊ လုံးဝပျက်စီး ၁၀၅၀၆ လုံး စုစုပေါင်း ၁၂၀၁၃ လုံးပျက်စီးခဲ့ပြီး ထောက်ပံ့ငွေ ပထမအကြိမ် ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါကြောင်း၊ ယခုထပ်မံ၍ ငွေသားထောက်ပံ့ရန် ကျန်ရှိသည့် နေအိမ် အမျိုးအစားများဖြစ်သည့် တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်နှင့်အထက်ကို ငွေသား ထောက်ပံ့ပေးအပ်မည့်အပြင် နေအိမ်အမျိုးအစား အားလုံးကို သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများ တစ်ပါတည်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါ ကြောင်း၊ ပျက်စီးနေအိမ်များကို အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သွပ်၊ သံချောင်း၊ ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်ရန်အတွက် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းကလည်း အိမ်ဆောက်ပစ္စည်းများကို မြို့နယ်အသီးသီးသို့ ပေးပို့နေပြီဖြစ်ပါကြောင်း၊ ငလျင်ဘေးကြောင့် ပျက်စီးခဲ့မှုများနှင့် စပ်လျဉ်း၍ နေအိမ်များ ပြိုကျခဲ့မှုအပေါ် အသစ်ပြန်လည်တည်ဆောက် ပါက မိမိတို့၏နေအိမ်များရှေ့တွင် သစ်ပင်များ စိုက်ပျိုးနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းဘေးရေနုတ်မြောင်းများ တူးဖော်ခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြို့နယ်များ အနေဖြင့် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ငွေသားနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ရာတွင် အိမ်အမျိုးအစားအလိုက်၊ ပျက်စီးမှုအလိုက် ခွဲခြား၍ စနစ်တကျ ထောက်ပံ့သွားရန် ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပျဉ်းမနားမြို့နယ်အတွက် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ဇမ္ဗူသီရိမြို့နယ်အတွက် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ဒက္ခိဏသီရိမြို့နယ်အတွက် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လယ်ဝေးမြို့နယ်အတွက် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများ၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက တပ်ကုန်း မြို့နယ်အတွက် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများ၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ က ဥတ္တရသီရိမြို့နယ်အတွက် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများ၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က ဇေယျာသီရိမြို့နယ်အတွက် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများ၊ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ပုဗ္ဗသီရိမြို့နယ်အတွက် ငွေသား၊ သွပ်၊ သံချောင်း၊ ဘိလပ်မြေနှင့် သစ်ဖိုးငွေများကို ပေးအပ်ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့် ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကို လှည့်လည် ကြည့်ရှုသည်။
ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ဘိလပ်မြေ ၁၀၁၂၈၂၇ အိတ်၊ သွပ် ၃၃၁၄၉၅ ချပ်၊ သံချောင်း ၁၆၉၀၇ တန်၊ သစ် ၂၁၈၀၉ ဒသမ ၈၇၈ တန်နှင့် ထောက်ပံ့ငွေကျပ် ၁၁၀၉၂၁ ဒသမ ၀၄၉၅ သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၁)နှင့် (၂)တို့၌ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော် ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီအောင် ဆောင်ရွက်ရေး၊ ဧည့်ရိပ်သာအတွင်းရှိ အခန်းများ အဆင်သင့်နေထိုင်နိုင်အောင် အမြန်ဆုံး ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသာယာလှပရေး တာဝန်ရှိသူများက အမြဲမပြတ် ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)

No comments