ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လွိုင်ကော်စာပေ” စာအုပ်ဆိုင်ဖွင့်ပွဲ ကျင်းပ
လွိုင်ကော် ဇန်နဝါရီ ၈
၂၀၂၆ ခုနှစ် (၇၄)နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန “လွိုင်ကော်စာပေ” စာအုပ်ဆိုင် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဒေါဥခူ ရပ်ကွက် အမှတ်(၄)လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးအဆောက်အအုံရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က “လွိုင်ကော်စာပေ” စာအုပ်ဆိုင်ကို လွိုင်ကော်မြို့နှင့် ပတ်ဝန်းကျင် ဒေသရှိ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် စာပေချစ်မြတ်နိုးသူများအတွက် အသိပညာရှာဖွေရန် အားကိုးရာ နေရာတစ်ခုဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စာဖတ်ခြင်းယဉ်ကျေးမှု မပျောက်ကွယ်စေရန် လူငယ်များ စာအုပ်စာပေနှင့် ပိုမိုနီးစပ်လာစေရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့က ပြည်နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များ လှူဒါန်းပေးခြင်း၊ ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်ပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကိုလည်း စဉ်ဆက်မပြတ် ကျင်းပပေး လျက်ရှိပါကြောင်း၊ လွိုင်ကော်မြို့ရှိ စာပေကို ချစ်မြတ်နိုးသူအားလုံးက “လွိုင်ကော်စာပေ” စာအုပ်ဆိုင် စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက စာအုပ်ဆိုင် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ကျေးဇူးတင် စကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲတွင် ဖျော်ဖြေခဲ့ကြသည့် ပညာရေးဒီဂရီကောလိပ် ဘင်ခရာ အဖွဲ့နှင့် ပန်းဖွားအကအဖွဲ့တို့အား ချီးမြှင့်ငွေများပေးအပ်သည်။
ယင်းနောက်“လွိုင်ကော်စာပေ” စာအုပ်ဆိုင်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲရေးမှူးနှင့် လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး“လွိုင်ကော်စာပေ” စာအုပ်ဆိုင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးသစ်ကို လှည့်လည် ကြည့်ရှုကြကာ တက်ရောက်လာသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဧည့်သည်တော်များက စာအုပ်အရောင်းဆိုင်ရှိ ခင်းကျင်းထားသည့် စာအုပ်များ ကို ကြည့်ရှုဝယ်ယူအားပေးခဲ့ကြ ကြောင်း သိရသည်။
ထို့ပြင် ကယားပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်လူငယ်ရေးရာ ကော်မတီမှ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် - ၂၀၂၆ သို့ ပြည်နယ်ကိုယ်စား ပြုတက်ရောက်မည့် လူငယ် ကိုယ်စားလှယ်များ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဩဝါဒစကား ပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက လူငယ်ငြိမ်းချမ်းရေးဖိုရမ်- ၂၀၂၆ သို့ တက်ရောက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်ကိုယ်စားပြု တက်ရောက်မည့် ကြီးကြပ်သူ၊ အုပ်ချုပ်သူများနှင့် လူငယ်ကိုယ်စားလှယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments