စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ
စစ်တွေ ဇန်နဝါရီ ၂၂
စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ် ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ဝင်္ကပါကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အနုပညာရှင်များ၊ မြို့မိ မြို့ဖများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးနှင့်အဖွဲ့သည် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကာ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများနှင့် ပင့်သံဃာများအား နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်တွေမြို့တည် နှစ် (၂၀၀) ပြည့် အထိမ်းအမှတ် ပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် သာဂီမဏ္ဍိုင် ရခိုင်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့က စစ်တွေမြို့တည် နှစ် (၂၀၀) ပြည့် အထိမ်းအမှတ် “ပိုဒ်စုံ ရတု”ဖြင့် သီဆိုကာ ရခိုင်မင်္ဂလာ စည်တော်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး အနုပညာရှင်များက “ငါရို့ချစ်တယ် မြို့စစ်တွေ” သီချင်းဖြင့်လည်းကောင်း ၊ သာဂီ မဏ္ဍိုင် ရခိုင်ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့က “စစ်တွေမြို့ တည် နှစ်(၂၀၀)ပြည့် အထိမ်းအမှတ်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး စစ်တွေမြို့တည် နှစ်(၂၀၀) ပြည့် အထိမ်းအမှတ် အမျိုးသားအလွတ်တန်း မီနီမာရ သွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက အမျိုးသမီး အလွတ်တန်း မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သူများအားလည်းကောင်း၊ တိုင်းမှူး က အထက်တန်းအဆင့် ပန်းချီ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊တတိယ နှင့် နှစ်သိမ့်ဆုရရှိကြသူများအား လည်းကောင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဒုတိယဥက္ကဋ္ဌတို့က အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသူများ အားလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး သာဂီမဏ္ဍိုင် ရခိုင်ရိုးရာ ယဉ်ကျေးမှု ဖော်ထုတ်ရေး အဖွဲ့က ရခိုင်ရိုးရာအိုးစည်ယိမ်း အကဖြင့် ဖျော်ဖြေကြသည်။
အခမ်းအနား အပြီးတွင် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်(၂၀၀) ပြည့် အထိမ်းအမှတ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြခန်းနှင့် ရှေးဟောင်းအမှတ်တရနှင့် ကဗျာ၊ ကာတွန်းပြခန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနပြခန်း၊ ပန်းချီ အနုပညာပြခန်း၊ အမှတ်တရ ပစ္စည်း အရောင်းပြခန်းတို့အား လှည့်လည်ကြည့်ရှုအားပေးကြပြီး အခမ်းအနားသို့ ကြွရောက်ချီးမြှင့်သည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)

No comments