သီပေါမြို့နယ် နမ့်လန်ဒေသနှင့် မိုင်းရယ်မြို့အနီး မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ
မြန်မာနိုင်ငံအနေဖြင့်
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍
နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်
နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ
၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)
သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင်
အသုံးပြုသည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်
ပစ္စည်းကိရိယာအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည့် သတင်းအား ဇန်နဝါရီ ၁၅
ရက်တွင်လည်းကောင်း၊ မိုင်းရယ်မြို့၏ အနောက် မြောက်ဘက် ၃၄ ကီလိုမီတာအကွာ
နားလင်းကျေးရွာ၏ အရှေ့ မြောက်ဘက် ၁၄ ကီလိုမီတာခန့် အကွာတွင် မူးယစ်ဆေးဝါး
ချက်လုပ်သည့်နေရာများကို ထပ်မံဖမ်းဆီးရမိခဲ့သည့် သတင်းအား ဇန်နဝါရီ ၁၅ ရက်တွင်လည်းကောင်း
ထုတ်ပြန်ပြီးဖြစ်သည်။
အဆိုပါ
သိမ်းဆည်းရမိမှုများနှင့် ဆက်စပ်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များက လေကြောင်း ကင်းထောက်ခြင်း၊
မြေပြင်သတင်း စုံစမ်းဖော်ထုတ်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့ရာ
ဇန်နဝါရီ ၁၆ ရက် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့၏
အနောက်တောင်ဘက် ၁၉ ကီလိုမီတာခန့်အကွာ မန်ဖြတ်ကျေးရွာ၏ အနောက်မြောက်ဘက် ၁၅ ကီလို
မီတာခန့်အကွာ၌ မသင်္ကာဖွယ်ရာ အဆောက်အအုံများ တွေ့ရှိရသဖြင့်
သွားရောက်ရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အလျားပေ ၂၀၊
အနံပေ ၄၀ ရှိ အဆောက်အအုံ တစ်လုံး၊ အလျားပေ ၅၀၊ အနံပေ ၂၀ ရှိ လူနေတဲတစ်လုံး၊ မူးယစ်
ဆေးဝါးရောစပ်သည့် စတီးဗန်း ခြောက်ခုပါ အဆောက်အအုံ တစ်လုံး၊ အလျား ပေ ၁၂၀၊ အနံ ပေ
၄၀ ရှိ အဆောက်အအုံတစ်လုံး၊ အခြောက်ခံမွှေစက် နှစ်လုံး၊ မူးယစ်ဆေးဝါးအဖြူရောင်အမှုန့်များ
ထားရှိသည့် ဂိုဒေါင်တစ်လုံး၊ အလျားပေ ၁၂၀၊ အနံပေ ၂၀ ရှိ လူနေအဆောက်အအုံ တစ်လုံး၊
မီးစက်ကြီး ငါးလုံး၊ Loader တစ်စီး၊ Bulldozer တစ်စီး၊ အပြာရောင်ပီပါအခွံ အလုံး ၁၀၀၊ ပုံးအဖြူရောင်အလုံး ၅၀၊ ဂတ်စ် အိုးအလုံး
၄၀၊ စိစစ်ဆဲဓာတုဗဒေ ပစ္စည်းထည့်ထားသောအိတ် အလုံး ၅၀ ခန့်တို့အား ထပ်မံတွေ့ရှိ
သိမ်းဆည်းခဲ့သည်။
အလားတူ နံနက် ၁၁
နာရီ ၄၅ မိနစ်ခန့်တွင် ယမန်နေ့က ဖမ်းဆီးရမိခဲ့သည့် နေရာ၏ အနောက် မြောက်ဘက်
နှစ်ကီလိုမီတာခန့် အကွာ၊ သီပေါ-မိုင်းရယ်သွား ကားလမ်းအနီးရှိ စိန်ကြော့ကျေးရွာ၏
အရှေ့တောင်ဘက် ၁၅ ကီလိုမီတာခန့်အကွာတွင် မသင်္ကာဖွယ်ရာ အဆောက်အအုံများ
တွေ့ရှိရသဖြင့် သွားရောက် ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ
မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် လူငါးဦးဆံ့ လူနေတဲ ၃၅ လုံး၊ Lovon အမျိုးအစား ဘက်ဟိုးတစ်စီး၊ အလျားပေ ၃၀၊ အနံ ၁၅ ပေရှိ
ဝါးဂိုဒေါင် နှစ်လုံး၊ အက်စစ် ၁၅ ဂါလန်ပုံး ၇၀၊ အရှည် ပေ ၃၀၀ ခန့်ရှိ တဲတစ်လုံး၊
အခြောက်ခံဗန်း သုံးချပ်၊ မူးယစ် ဆေးဝါးချက်လုပ်သည့် ဖို သုံးခု၊ ဂတ်စ်အိုးအလုံး
၁၅၀၊ ကျောက်ချဉ် အိတ် ၁၅၀၊ ဆာလဖျူရစ်အက်စစ် ထည့်သော ပုံးပြာ (အရည် ပါ) ၅၀၀၊
ပုံးပြာအခွံ အလုံး ၁၀၀၀၊ ဆာလာအိတ်များဖြင့် ထည့်ထား သည့် Caustic Soda အိတ် ၁၅၀၊ ဆပ်ပြာခွက်များ ထည့်ထားသည့် ကတ်ထူဖာ ၃၀၀ တို့ကို
ရှာဖွေ ဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ပြီး ထပ်မံ၍ ရှာဖွေစစ်ဆေးခြင်းများ
ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့် တွင် အဆိုပါနေရာ၏ အနောက် မြောက်ဘက်
လေးကီလိုမီတာခန့် အကွာ၌ မူးယစ်ဆေးဝါး ချက်လုပ် ရာတွင် အသုံးပြုသည့် ဘွိုင်လာ အိုး
နှစ်လုံးပါ အလျားပေ ၉၀၊ အနံ ပေ ၄၀ ရှိ အဆောက်အအုံတစ်လုံး၊ ရေထည့် Boxer ကန် နှစ်လုံး၊ Liugong အမျိုးအစား Loader တစ်စီးနှင့် အလျားပေ ၄၀၊
အနံ ပေ ၂၀ ရှိ လူနေတဲ သုံးလုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ
သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများကို ပညာရှင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ် ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာဌာနများသို့
လွှဲပြောင်း အပ်နှံခြင်း၊ စနစ်တကျ မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး
အဆိုပါဒေသ တစ်ဝိုက်အားလည်း မသင်္ကာဖွယ်မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများ ရှိနိုင်သေးသဖြင့်
နယ်မြေဖော်ထုတ် ရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်
အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ် တစ်ခုလုံးကို
လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို
နိုင်ငံအတွင်းရှိ ရနိုင်သမျှသောစွမ်းအားစု၊ အရင်းအမြစ်များအသုံးပြုပြီး ပြည်သူ
လူထုနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာအသိုက်အဝန်း
များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်
သတင်းများ ရရှိပါကလည်း တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန်
လိုအပ်ကြောင်းနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး ဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့်
မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments