မှတ်ပုံတင်က ကျွန်မတို့လျှောက်ပြီး ရလိုက်ပါပြီ။ လဝကရုံးကိုကိုယ်တိုင်သွားပြီးတော့ ကိုယ်တိုင် လျှောက်လိုက်တာပါ။ အထောက်အထားအစုံရှိတော့ အမြန်ဆုံးရလိုက်ပါတယ်

 


မှတ်ပုံတင်က ကျွန်မတို့လျှောက်ပြီး ရလိုက်ပါပြီ။ လဝကရုံးကိုကိုယ်တိုင်သွားပြီးတော့ ကိုယ်တိုင် လျှောက်လိုက်တာပါ။ အထောက်အထားအစုံရှိတော့ အမြန်ဆုံးရလိုက်ပါတယ်။ ဒီနှစ်ကျွန်မတို့ မဲပေးခွင့် ရှိခဲ့ပါတယ်။ ကျွန်မတို့စာရင်းက သဲချောင်းဘက်မှာပါတဲ့အတွက် ကျွန်မတို့ မဲသွားပေးပါတယ်။ အကုန်လုံး လွတ်လွတ်လပ်လပ်ပေးနိုင်ခဲ့ပါတယ်။ တချို့ မဲပေးခွင့်မရတဲ့ သူတွေလည်း ပျော်ပျော်ပါးပါးသွားကြည့်ကြတာ ကျွန်မတို့မြင်ပါတယ် 

ဒေါ်သီတာမြင့် (ခေါ်) ဂျူနီလာ

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ထားရှိမှုနှင့် ရခိုင်ပြည်နယ်အတွင်းနေထိုင်သည့် ဘင်္ဂါလီများကို နိုင်ငံတော်အစိုးရက ကူညီစောင့်ရှောက်ပေးလျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းနှင့် စစ်တွေမြို့ ခေါင်းဒုက္ကာ (ဘင်္ဂါလီ) ကျေးရွာနေ ဒေါ်သီတာမြင့် (ခေါ်) ဂျူနီလာတို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်-

 

ဒေါ်အေးအေးသိန်း

ညွှန်ကြားရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

ကျွန်မအနေနဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ရှင်းလင်း ပြောကြားမှာ ဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ၂၀၁၆-၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် အဲဒီဒေသတွေမှာ နေထိုင်သူတွေအနက် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သူတို့ဆန္ဒအလျောက် နေရပ်စွန့်ခွာ ထွက်ပြေးသွားသူ ငါးသိန်းကျော်ခန့်ရှိခဲ့ပါတယ်။ သူတို့ကို ပြန်လည်စိစစ်လက်ခံဖို့အတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအစိုးရတို့အကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘော တူညီချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ရက်နေ့မှာ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ပါတယ်။

 

မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်တွေနဲ့ အညီ ပြန်လည်လက်ခံ နိုင်ရေးအတွက် အကျုံးဝင်မှုအခြေခံမူငါးရပ်ကို စံသတ်မှတ်ချက်များအဖြစ် ချမှတ်ခဲ့ပါတယ်။ အဲဒါတွေကတော့ ပြန်လည်ဝင်ရောက်လိုသူဟာ မြန်မာနိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခဲ့သူဖြစ်ရပါမယ်။ ပြန်လည်ဝင်ရောက်လာသူများက ၎င်းတို့ရဲ့ ဆန္ဒအလျောက် မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လိုသူများ ဖြစ်ရပါမယ်။ ကွဲကွာနေတဲ့ မိသားစုစာရင်းဝင်တွေ၊ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ မိဘမဲ့ကလေးတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးက မှန်ကန်ကြောင်း ထောက်ခံချက် ပါရှိရပါမယ်။ တစ်ဖက်နိုင်ငံမှာထပ်မံမွေးဖွားလာတဲ့ ကလေးက မြန်မာနိုင်ငံမှာနေထိုင် ခဲ့တဲ့ မိဘနှစ်ပါးက မွေးဖွားတဲ့ကလေးဖြစ်ရပါမယ်။ ပဋိပက္ခကာလအတွင်း မွေးဖွားတဲ့ ကလေးများအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံတရားရုံးက မှန်ကန်ကြောင်းထောက်ခံချက်ပါရှိရပါမယ်။

 

အဆိုပါ စံသတ်မှတ်ချက်တွေနဲ့အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် ရုပ်ပိုင်းဆိုင်ရာ လက်တွေ့အစီအစဉ်များဖြစ်တဲ့ Physical Ar-rangement ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က တာဝန်ရှိသူတွေ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြပါတယ်။

 

ဆက်လက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့ JWG ပြန်လည်လက်ခံရေးလုပ်ငန်းအတွက် ပူးတွဲလုပ်ငန်းအဖွဲ့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့ပါတယ်။ JWG အစည်းအဝေးတွေကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေမှာ ငါးကြိမ်တိုင်တိုင် အလှည့်ကျ ကျင်းပ ဆွေးနွေးခဲ့ကြပါတယ်။

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်အရ ပြန်လည်လက်ခံရေး စံသတ်မှတ်ချက်တွေနဲ့ အကျုံးဝင်သူတွေကို စိစစ်နိုင်ဖို့အတွက် နေရပ်စွန့်ခွာသူ လူဦးရေ ရှစ်သိန်းကျော်ရဲ့ စာရင်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ခြောက်ကြိမ်ခွဲပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပေးပို့ခဲ့ပါတယ်။

 

အဲဒီလို ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့လာတဲ့ နေရပ်စွန့်ခွာသူလူဦးရေ ရှစ်သိန်းကျော်ရဲ့စာရင်းကို မြန်မာနိုင်ငံမှာနေထိုင်ခဲ့တာ မှန်ကန်ခြင်း ရှိ၊ မရှိ စိစစ်နိုင်ဖို့အတွက် ၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ဌာနအနေနဲ့ ကောက်ယူထားတဲ့ ဆွဲတင်စစ်စာရင်းအရ မိသားစုဓာတ်ပုံပါ အိမ်ထောင်စုစာရင်းတွေကို ဌာနရဲ့ Civil Registration software ရေးဆွဲထားတဲ့ ဒေတာထည့်သွင်းပြီး ကျွန်မတို့ဌာနက ဝန်ထမ်းတွေ တိုက်ဆိုင်စိစစ်တဲ့လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ စိစစ်ရေးပုံစံပါ လူဦးရေသုံးသိန်းကျော်ကို တိုက်ဆိုင်စိစစ်နိုင်ခဲ့ပါတယ်။ အဲဒီလို တိုက်ဆိုင်စိစစ်ပြီးတဲ့ လူဦးရေကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို သံတမန်လမ်းကြောင်းကနေ တစ်ဆင့်ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။

 

နေထိုင်ကြောင်း အထောက်အထားစိစစ်တွေ့ရှိပြီးသူတွေအနက် ပထမအသုတ်အနေနဲ့ လူဦးရေ နှစ်ထောင်ကျော်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းမှာ တစ်ကြိမ်၊ ဒုတိယအသုတ်အနေနဲ့လူဦးရေ သုံးထောင်ကျော်ကို ၂၀၁၉ ခုနှစ်ဩဂုတ်လအတွင်းမှာတစ်ကြိမ်၊ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လည် ပို့ဆောင်မယ်လို့ ပြောကြားချက်အရ မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေးစခန်းနှစ်ခုဖွင့်လှစ်ပြီး လက်ခံနိုင်ရေး အသင့်ဆောင်ရွက်ထားရှိခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က နှစ်ကြိမ်စလုံး ပြန်လည် ပို့ဆောင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

 

ဒါ့အပြင် ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ရှေ့ပြေးစမ်းသပ်စီမံကိန်းနဲ့ ပြန်လည်လက်ခံဖို့ အတွက်လည်း စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒါတွေကတော့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးချက်တွေအရ နေရပ်စွန့်ခွာသူ ဦးရေ ၈၄၀ ကို ကနဦးလက်ခံဖို့ သဘောတူညီခဲ့ပါတယ်။ သူတို့အနက်ကမှ မိသားစုအလိုက် နေရပ်စွန့်ခွာကြောင်းစိစစ်တွေ့ရှိရသူ ၇၁၁ ဦးကို Pilot Project နဲ့ ပြန်လည် လက်ခံဖို့အတည်ပြုခဲ့ပါ တယ်။

 

အဲဒီ ၇၁၁ ဦးအပြင် သူတို့ရဲ့ဆက်စပ်မိသားစုဝင်တွေကိုပါ တစ်ပါတည်းလက်ခံဖို့ နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်းအဖွဲ့ JWG ရဲ့ ပဉ္စမအကြိမ်အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှူးဦးဆောင်တဲ့ မျက်မြင်စစ်ဆေးရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်က္ကနက်ဖ် မြို့ကို ၂၀၂၃ ခုနှစ် မတ်လမှာ ပထမအကြိမ်သွားရောက်ပြီး မျက်မြင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုစစ်ဆေးချက်အရ ဆက်စပ်မိသားစုဝင်တွေထဲက ပြန်လည်အတည်ပြုခဲ့သူ ၄၆၅ ဦး၊ မူလစိစစ် အတည်ပြုပြီးသူ ၇၁၁ ဦး စုစုပေါင်း ၁၁၇၆ ဦးကို ပြန်လည်လက်ခံဖို့ အတည်ပြုခဲ့ကြပါတယ်။

 

၂၀၂၃ ခုနှစ် မေ ၅ ရက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က Go and See Visit လာရောက်တဲ့ တာဝန်ခံ ခုနစ်ဦး၊ နေရပ်စွန့်ခွာစခန်းများ မှ Camp ကိုယ်စားလှယ် ၂၀ တို့ကပြန်လည် လက်ခံသူတွေကို နေရာချထားမယ့်ကျေးရွာတွေကို လာရောက်လေ့လာတဲ့အတွက် မြန်မာနိုင်ငံဘက်က လိုက်လံ ရှင်းလင်းပြသခဲ့ပါတယ်။၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက် နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်နိုင်ငံ ကမကထပြု ဆောင်ရွက်မယ့် အစီအစဉ်သစ် New Bilateral Initiative ကို ဆွေးနွေးဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့တဲ့ အုပ်စုသုံးစုအနက်မှ မောင်တောမြောက်ပိုင်းမှာနေထိုင်ခဲ့သူ မိသားစုအလိုက် တွေ့ရှိသူ ပြစ်မှုကင်းရှင်းသူ ၁၇၆၆ ဦး၊ ပထမအကြိမ်မျက်မြင် စစ်ဆေးရေးအဖွဲ့ က အတည်ပြုခဲ့တဲ့ ၁၁၇၆ ဦးအနက်မှ ၁၀၄၁ ဦး စုစုပေါင်း ၂၈၀၇ ဦးကို Pilot Project နဲ့ ပြန်လည်လက်ခံဖို့ အတည်ပြုခဲ့ ပါတယ်။

 

အဲဒီ ၂၈၀၇ ဦးရဲ့ ဆက်စပ်မိသားစုဝင်တွေကိုပါ တစ်ပါတည်းလက်ခံနိုင်ဖို့အတွက် မြန်မာဘက်က မျက်မြင် စစ်ဆေးရေးအဖွဲ့ Go and Talk အဖွဲ့ဝင်တွေဟာ ၂၀၂၃ခုနှစ် အောက်တိုဘာလမှာ ဒုတိယအကြိမ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ်ကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ဒုတိယ အကြိမ် ထပ်မံစစ်ဆေးချက်အရတွေ့ရှိသူ လက်ခံအတည်ပြုမယ့် စုစုပေါင်း ၂၉၃၃ ဦးကို ပြန်လည်လက်ခံဖို့ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

 

အဆိုပါ Pilot Project အရ ပြန်လည် လက်ခံမယ့် စုစုပေါင်း ၂၉၃၃ ဦးကို ပြန်လည် နေရာချထားပေးဖို့ ကျေးရွာ ၂၀ လျာထားခဲ့ပြီး ငါးခူရနဲ့ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း နှစ်ခုဖွင့်လှစ်ပြီး တစ်ပတ်ကို လူ ၂၅၀ နှုန်းနဲ့ စခန်းနှစ်ခုကို စုစုပေါင်း လူဦးရေ ၅၀၀ ကို စိစစ်လက်ခံဖို့ ဆောင်ရွက်ခဲ့ပါတယ်။

 

စိစစ်လက်ခံပြီးတဲ့ ပြန်လည်ဝင်ရောက်လာသူတွေကို လှဖိုးခေါင်ကြားစခန်းမှာ ယာယီနေရာ ချထား မယ်။ လျာထားတဲ့ကျေးရွာ ၂၀ ကို ဆက်လက်ပို့ဆောင်ဖို့နဲ့ သူတို့ရဲ့လူမှုဘဝ ရှင်သန်နေထိုင်ရေး၊ စားဝတ်နေရေးကိစ္စတွေကို ကူညီပံ့ပိုးပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းချိတ်ဆက်ပြီး ဆောင်ရွက်သွားဖို့ စီစဉ်ထား ရှိခဲ့ပါတယ်။

 

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်မှာ ကူညီ ပံ့ပိုးဆောင်ရွက်နိုင်ဖို့ အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်တဲ့ UNDP နဲ့ UNHCR တို့က အဆိုပြု ကမ်းလှမ်းလာတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ UNDP နဲ့ UN-HCR တို့ သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ MOU ကို ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ပါတယ်။ UNDPUNHCR တို့က ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ၊ သောက်ရေသုံးရေရရှိရေး၊ လမ်းတံတားများ ပြုပြင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊လူမှုရေး စတဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကူညီ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ နယ်မြေလုံခြုံရေး အခြေအနေအပေါ် မူတည်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဆက်လက်အကောင် အထည်ဖော်နိုင်ဖို့အတွက် UNDPUNHCR တို့နဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နားလည်မှု စာချွန်လွှာ(MoU)ကို တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးမြှင့်ပြီး ဆက်လက်ဆောင် ရွက်လျက်ရှိပါတယ်။

 

အဲဒီလို မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးမျိုး ပြင်ဆင်ဆောင်ရွက်ထားရှိပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ယနေ့အထိ ပြန်လည်ဝင်ရောက်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက နေရပ်စွန့်ခွာသူတွေကို ၎င်းတို့ရဲ့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာပါက ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို အဆင်ပြေချောမွေ့စွာ လက်ခံဆောင်ရွက်ပေးနိုင်ရေး အသင့်ပြင်ဆင် ထားရှိပါကြောင်း ပြောကြားလိုပါတယ်။

 

ဒေါ်သီတာမြင့် (ခေါ်) ဂျူနီလာ

ခေါင်းဒုက္ကာ(ဘင်္ဂါလီ)ကျေးရွာ၊ စစ်တွေမြို့

ကျွန်မ နာမည်ကတော့ သီတာမြင့်ပါ။ မွတ်ဆလင်နာမည်ကတော့ ဂျူနီလာလို့ ခေါ်ပါတယ်။ ခေါင်းဒုက္ကာ ကျေးရွာသူပါ၊ ကလေးကသုံးယောက်ရှိပါတယ်။ ကျွန်မတို့ဆီကို အစိုးရဌာနက တစ်လတစ်ကြိမ် ပုံမှန်လာပြီးတော့ ကာကွယ်ဆေးတွေထိုးပေးတယ်၊ အထွေထွေဆေးတွေလည်း ထိုးပေးပါတယ်။ အသည်းအသန်ဖြစ်ရင်တော့ကျွန်မတို့ သက္ကယ်ပြင်ဆေးရုံကို သွားရပါတယ်။

 

ရွာလူကြီးတွေနဲ့ ရပ်ရွာလူကြီးတွေ ပေါင်းပြီးတော့ အိမ်အလိုက် ဥပမာ ဒီနေ့ ၁၀ အိမ်၊ နောက်တစ်နေ့ နောက် ၁၀ အိမ်ဆိုပြီး လုံခြုံရေးချထားတာရှိပါတယ်။ ကျွန်မတို့က လယ်ယာစိုက်ပျိုးတယ်။ ကျွန်မတို့ ရွာမှာဆိုရင် ဈေးဆိုင်၊ ကျပန်းအလုပ်သမားတွေလည်း အများကြီးပါ။ တခြားတော့ ထွေထွေထူးထူး မရှိပါဘူး။ အကန့်အသတ်လည်းမရှိပါဘူး။ ကျွန်မတို့ အဆင်ပြေပြေ ချောချောမောမောနဲ့ သွားလာနိုင်ပါတယ်။ အကန့်အသတ်တော့ လုံးဝမရှိပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း ပုံမှန်လာပါတယ်။ လူနာကများတယ်၊ ဆေးကမလုံလောက်ဘူး ဆိုရင်တော့ သက္ကယ်ပြင် ဆေးရုံကိုသွားပြီး အခမဲ့ဆေးကုသလို့ရပါတယ်။ အကုန်အခမဲ့ပါပဲ။ အဲဒီလို စီစဉ်ပေးပါတယ်။ ကျွန်မတို့ ခေါင်းဒုက္ကာရွာမှာ မူလတန်းလွန်ကျောင်းရှိပါတယ်။ မူလတန်းလွန်ကျောင်းက ကလေးတွေ စာမေးပွဲအောင်ပြီဆိုတာနဲ့ သက္ကယ်ပြင် အထကကျောင်းကို သွားတက်ပါတယ်။ ကျွန်မတို့နဲ့ အနီးစပ်ဆုံးဆိုရင်တော့ သက္ကယ်ပြင်ကျောင်းပဲရှိပါတယ်။ အဲဒီမှာသွားပြီးတော့ တက်ပါတယ်။ ပညာရေး အခြေအနေကတော့ အခမဲ့ပါ။ အစိုးရကအကုန်လုံး စီစဉ်ပေးထားပါတယ်။

 

မှတ်ပုံတင်က ကျွန်မတို့လျှောက်ပြီးရလိုက်ပါပြီ။ လဝကရုံးကို ကိုယ်တိုင်သွားပြီးတော့ ကိုယ်တိုင် လျှောက်လိုက်တာပါ။ အထောက်အထားအစုံရှိတော့ အမြန်ဆုံးရလိုက်ပါတယ်။ ဒီနှစ် ကျွန်မတို့ မဲပေးခွင့် ရှိခဲ့ပါတယ်။ ကျွန်မတို့စာရင်းကသဲချောင်းဘက်မှာပါတဲ့အတွက် ကျွန်မတို့မဲသွားပေး ပါတယ်။ အကုန်လုံး လွတ်လွတ်လပ်လပ် ပေးနိုင်ခဲ့ပါတယ်။ တချို့မဲပေးခွင့်မရတဲ့ သူတွေလည်း ပျော်ပျော်ပါးပါးသွားကြည့်ကြတာ ကျွန်မတို့မြင်ပါတယ်။ အကုန်လုံး အေးအေးဆေးဆေးပါပဲ။

 

သတင်းအဖွဲ့

No comments

Powered by Blogger.