လူငယ်ငြိမ်းချမ်းရေးဖိုရမ် -  ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ

 



နေပြည်တော် ဇန်နဝါရီ ၂၉

လူငယ်ငြိမ်းချမ်းရေး ဖိုရမ် - ၂၀၂၆ သို့ တက်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီ လူငယ် ကိုယ်စားလှယ်များ၏ အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် Naypyitaw State Polytechnic University ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော် ကောင်စီဝင်များ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ Naypyitaw State Polytechnic Universityမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူငယ်ငြိမ်းချမ်းရေး ဖိုရမ် - ၂၀၂၆ သို့ တက်ရောက်ခဲ့သည့် နေပြည်တော်ကောင်စီ လူငယ် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရှင်းလင်းပွဲတွင် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နိုင်ငံတော်အနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ၏ အဓိကအင်အားစုဖြစ်ပြီး အနာဂတ် ခေါင်းဆောင်များဖြစ်သော ဗလ ငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွက်လာစေရေးအတွက် လူငယ်ငြိမ်းချမ်းရေး ဖိုရမ် -၂၀၂၆ အခမ်းအနားကို ကျင်းပပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည့်အတွက် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်အောင် လူငယ်များအားလုံး ပါဝင်အကောင် အထည်ဖော်ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားပြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်(ငြိမ်း)နှင့် ဗိုလ်ချုပ်စိုးနိုင်ဦး (ငြိမ်း)တို့က ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် လူငယ်များအနေဖြင့် ကျရာအခန်း ကဏ္ဍမှ ပါဝင်နိုင်ရေး ရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် လူငယ်ငြိမ်းချမ်းရေး ဖိုရမ် - ၂၀၂၆ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နေပြည်တော် လူငယ် ကိုယ်စားလှယ်များက အုပ်စုလိုက်ဆွေးနွေးမှု မှတ်တမ်းများကို ပြန်လည်ရှင်းလင်းခြင်း၊ ဆွေးနွေးခဲ့သည့် ခေါင်းစဉ်များ၏ အနှစ်ချုပ်အား ရှင်းလင်းတင်ပြ ခြင်း၊ သိရှိလိုသည်များ မေးမြန်း ဖြေကြားခြင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ ကြေညာစာတမ်း ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.