ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုး တိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြား
နေပြည်တော်
ဇန်နဝါရီ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးများ၊ မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍
မန္တလေးမြို့ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက်
လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
တွေ့ဆုံပွဲသို့
ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊
မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့
တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိအနေဖြင့် ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)
ကျင်းပနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း၊
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တစ်ခဲနက် လာရောက်ဆန္ဒမဲများ ပေးနေကြသည်ကိုတွေ့မြင်ရပြီး
လူငယ်လူရွယ်များ၊ လူလတ်ပိုင်းများလည်း အများအပြား ပါဝင်ကြကြောင်း၊ လူငယ်လူရွယ်များအနေဖြင့်
ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရှိသည်မှာ ကောင်းမွန်သည့် လက္ခဏာပင်ဖြစ်ကြောင်း၊
ထိုသို့ လိုက်လံကြည့်ရှုအားပေးစဉ် မန္တလေးမြို့အတွင်းရှိ လမ်းမကြီးများ၊
လမ်းသွယ်များနှင့် မြို့တွင်းသန့်ရှင်းသာယာလှပမှု ကောင်းမွန်လျက်ရှိသည်ကို တွေ့ရှိရပြီး
စည်ပင်သာယာရေးဆိုင်ရာ တာဝန်ရှိသူများ၏ လုပ်ငန်းတာဝန်ကျေပွန်မှု၊
မြို့သူမြို့သားများ၏ စည်းကမ်း စနစ်တကျရှိမှုကြောင့် ဖြစ်သည်ကို ဝမ်းမြောက်အသိအမှတ်
ပြုပါကြောင်း၊ ယခု ရွေးကောက်ပွဲအပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၃) တို့ကို
အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီဖြစ်သဖြင့် လာမည့်မတ်လကုန်တွင် အစိုးရသစ်တစ်ရပ် တက်လာမည်ဖြစ်ကြောင်း၊
အစိုးရသစ်တစ်ရပ်မဖွဲ့စည်းမီ ကြားကာလအတွင်း မန္တလေးမြို့အနေဖြင့် မြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ငလျင်ဘေးအလွန်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊
ကြားကာလနှစ်လတာအတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့် မြို့သာယာ လှပရေးလုပ်ငန်းများကို
ဦးစားပေးအနေဖြင့် ဆောင်ရွက်သွားရန်မှာကြားလိုကြောင်း၊ အဓိက လမ်းမကြီးများ၌
လမ်းလယ်မျဉ်းများဆွဲခြင်း၊ လမ်းညွှန်အမှတ်အသားများ အသစ်ပြန်လည် ပြုလုပ်ခြင်းတို့အပါအဝင်
အချိန်တိုအတွင်း ပြီးစီးနိုင်မည့် လုပ်ငန်းများကို ဖော်ဆောင်သွားရန် လိုကြောင်း၊
လမ်းလယ်ကျွန်းများ၊ ပလက်ဖောင်းများ၌ သဲ၊ မြေကြီးနှင့် အမှိုက်များ ဖုံးနေခြင်းများကိုလည်း
ရှင်းလင်းသွားရန်လိုကြောင်း၊ လမ်းများသန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး
လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေဖြင့် စနစ်တကျဆေးကြောခြင်း ဦးစွာဆောင်ရွက်ပြီးမှသာလျှင်
ဆေးသုတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ပလက်ဖောင်းများ ပြုပြင်မွမ်းမံ
ထိန်းသိမ်းခြင်း၊ ရေဝင်၊ ထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေးနှင့်
စနစ်တကျဖြစ်စေရေး ထိန်းသိမ်း ဆောင်ရွက်ခြင်းတို့ကိုလည်း
ဆောင်ရွက်သွားရန်လိုကြောင်း။
မန္တလေးမြို့အတွင်း
လေထုညစ်ညမ်းမှုကိုလည်း စစ်ဆေးဆောင်ရွက်သွားရန်လိုပြီး ပြန်လည် ထိန်းသိမ်းခြင်းလုပ်ငန်းများ
ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းများ၌ သန့်ရှင်းရေး ဆောင်ရွက် ထားသည်မှာလည်း
ကောင်းမွန်သည်ကို တွေ့မြင်ရသဖြင့် အသိအမှတ်ပြုပါကြောင်း၊ ဆရာ ဆရာမများနှင့်
ကျောင်းသား ကျောင်းသူများ၏ စည်းကမ်းစနစ်တကျရှိမှုကို ပြသနေခြင်းပင် ဖြစ်ကြောင်း၊ ပညာရေးနှင့်
ပတ်သက်၍ ဆရာဆရာမများ၏ သင်ကြားရေး စွမ်းရည်ကိုလည်း သင်တန်းများပေး၍ မြှင့်တင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊
ကျောင်းသား ကျောင်းသူများ အနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိ
အသုံးချနိုင်ရေးအတွက်လည်း ယဉ်ကျေးလိမ္မာ သင်တန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ အခြေခံသင်တန်းများအပြင်
အခြားအကျိုးရှိစေမည့် နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ကြိုတင်စီမံထားရန်လိုကြောင်း၊
တပ်မတော်မှလည်း ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် (အခြေခံ) နှင့် (တန်းမြင့်) သင်တန်းများကို
နှစ်စဉ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း။
ပညာရေးတွင်လည်း
ဆရာ ဆရာမများ မွေးထုတ်ပေးလျက်ရှိသည့် ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်သင်
တက္ကသိုလ်များအဖြစ် ပြောင်းလဲဖွင့်လှစ်ပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်လျက် ရှိကြောင်း၊
ဘွဲ့အဆင့် သတ်မှတ်ချက်များ၊ ပညာရပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များအလိုက်
ခံစားခွင့်များ တိုးမြှင့်ရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်၏
ပညာရေးကို မြှင့်တင်နိုင်ရေးအတွက် သင်ကြားရေးတာဝန် ထမ်းဆောင်နေကြသည့်
ပညာရေးဝန်ထမ်းများကို ဦးစွာမြှင့်တင် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်
အများစုအားဖြင့် အစိုးရ ကျောင်းများကိုသာ အဓိကအားထားနေရခြင်းဖြစ်သဖြင့်
ပညာရေးဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊
အနာဂတ်တွင်
ဖွံ့ဖြိုးတိုးတက်သည့်
နိုင်ငံတော်ကို အကောင်အထည်ဖော်တည် ဆောက်နိုင်ရေးအတွက် ပညာတတ် လူသားအရင်းအမြစ်ကောင်းများ
မဖြစ်မနေ လိုအပ်သည်ဖြစ်သောကြောင့် ပညာရေးကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
မန္တလေးတိုင်းအနေဖြင့်
ဆီထွက်သီးနှံအဓိကထွက်ရှိပြီး အထွက်နှုန်းများ တိုးမြှင့်ရရှိရေး အလေးထား
ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး တိုင်းပြည်
စီးပွားရေး ကောင်းမှသာ ဝယ်လိုအားနှင့် ရောင်းလိုအားများ ကောင်းလာမည်ဖြစ်ပြီး လည်ပတ်ရင်းနှီးငွေ
များပြားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်း အကျိုးကျေးဇူးများကို
ရရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိက ဖြစ်ထွန်းအောင်မြင်သည့်
ဆီထွက်သီးနှံနှင့် ပဲသီးနှံတို့ကို ယခုထက် မည်ကဲ့သို့ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ကို
ကော်မတီဖွဲ့စည်း၍ စနစ်တကျဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ စက်မှုဇုန်များ၌ MSME လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်သွားရန် လိုကြောင်း၊ MSME လုပ်ငန်းများကို
အားပေးဆောင်ရွက်ခဲ့လို့သာလျှင် နိုင်ငံတော်၏စီးပွားရေးသည် အပေါင်း လက္ခဏာဘက်သို့
ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ် ကြောင်း၊ MSME လုပ်ငန်းများသည်
ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အသက်ပင်ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို
အခြေခံသည့် အရည်အသွေး ပြည့်မီသည့် ဈေးကွက်ဝင် MSME ထုတ်ကုန်များကို
တိုးမြှင့်ထုတ်လုပ်သွားရမည် ဖြစ်ကြောင်း။
မန္တလေးတိုင်းဒေသကြီးအနေဖြင့်
အစိုးရအဖွဲ့၏ ကြိုးပမ်းအားထုတ်မှု၊ ဒေသခံများ၏ စည်းကမ်း စနစ်တကျရှိမှုနှင့်
အလုပ်လုပ်ကိုင်လိုစိတ် ရှိမှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ များစွာကို
မြင်တွေ့ ရသဖြင့် ဝမ်းမြောက် အသိအမှတ်ပြုပါကြောင်း၊ ယခုကဲ့သို့ကောင်းမွန်သည့်
အချက်အလက်များကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်၍ နောင်တက်လာမည့်အစိုးရကို
ကောင်းမွန်စွာ လက်ဆင့်ကမ်းနိုင်ရမည် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်မှုဇုန်အတွင်း ရော်ဘာထုတ်ကုန်များ ထုတ်လုပ် လျက်ရှိမှုနှင့်ပတ်သက်၍
တင်ပြဆွေးနွေးမှုအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်
ဥက္ကဋ္ဌက လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments