ပေါင်းလောင်းရေလှောင်တမံ ရေပိုလွှဲပထမအဆင့် အပိုင်း(၂) အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကြည့်ရှုစစ်‌ဆေး

 


နေပြည်တော် ဇန်နဝါရီ ၂၆

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း ရေလှောင်တမံ ရေပိုလွှဲ ပထမအဆင့် အောက်ဘက်ပိုင်း၏ အပိုင်း (၁) ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့မှုနှင့် ရေပိုလွှဲ ပထမအဆင့် အထက်ဘက်ပိုင်း၏ အပိုင်း(၂) ပြုပြင်ဆောင်ရွက်နေမှု၊ တမံကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်‌ဆေးသည်။

 

ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန်၊ ရေလှောင်တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်ရေးကို Dam Monitoring စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်ရန်၊ နွေစပါးနှင့် နွေအခြားသီးနှံ လျာထားစိုက်ဧကများအတိုင်း လုံလောက်စွာ စိုက်ပျိုးရေပေးဝေနိုင်ရေး အလေးထားဆောင်ရွက် ကြရန်နှင့် အခြားနည်းပညာပိုင်းဆိုင်ရာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 

ပေါင်းလောင်း ရေလှောင်တမံ ရေပိုလွှဲပထမအဆင့် အောက်ဘက်ပိုင်း၏ အပိုင်း(၁) ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတစ်ခုလုံးအနေဖြင့် ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလကုန်တွင် ပြီးစီးအောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပေါင်းလောင်းတမံ ရေသောက်စနစ်အနေဖြင့် နွေစပါး ၉၁၄၁ ဧက၊ နွေအခြား သီးနှံ ၂၅ ဧက စုစုပေါင်း ၉၁၆၆ဧကကို စိုက်ပျိုးရေပေးဝေရန်လျာထားဆောင်ရွက်လျက်ရှိသည်။

 

မှာကြား

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ နေပန်-လပန် စက်မှုလယ်ယာစနစ်ကျ လယ်မြေအနီးရှိ ရေကြီးရေလျှံမှုကြောင့် ရေတိုက်စား ပျက်စီးမှုများဖြစ်ပေါ် ခဲ့သည့်အပေါ် နရဘန်ချောင်းပေါင်၏ အားနည်းသည့်အပိုင်းများကို ကျောက်ဖြည့် မြေထိန်းနံရံဖြင့် ကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ နရဘန်ချောင်းမှ ယာယီ ချောင်းပိတ် နှစ်ခုဖြင့် နွေစပါးနှင့် နွေအခြားသီးနှံ စတင်စိုက်ပျိုးရေပေးဝေနေမှုနှင့် ရေဆင်းရေလှောင် တမံ၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နွေစပါးနှင့် နွေအခြားသီးနှံလျာထား ၇၄၂၆ ဧက အနက် ၁၄၈ ဧက စိုက်ပျိုးရေစတင်ပေးဝေနေမှုနှင့် ကျန်နွေစပါးနှင့် နွေအခြားသီးနှံ လျာထားဧကများအား စိုက်ပျိုးရေပေးဝေရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ ကျောင်းသား ကျောင်းသူများ၏ အပန်းဖြေရိပ်သာ (Recreation Center) စီမံကိန်းဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး တက္ကသိုလ်ဘောလုံးကွင်း ပွဲကြည့်စင်နှင့် မီတာ ၄၀၀ ပြေးလမ်း အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ ရေရှည်တည်တံ့ ကောင်းမွန်စေရေး အထူးအလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.