ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား ပထမအကြိမ် ပြန်လည်ခေါ်ဆောင်



နေပြည်တော် ဇန်နဝါရီ ၂၃

 

မြန်မာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများ ကိုလည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တရားဝင် လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ကမ္ဘောဒီးယားနိုင်ငံအစိုးရအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်း လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ အဆိုပါ ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများသည် ၎င်းတို့အစီအစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးသို့လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက လွှဲပြောင်းပေးအပ်မှုအရ လည်းကောင်း ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ ၆၇၅ ဦး ရောက်ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၆၇၅ ဦး အနက်မှ ပထမအသုတ် အနေဖြင့် ၁၃၆ ဦးအား မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ဇန်နဝါရီ ၂၃ ရက် နံနက်အစောပိုင်းတွင် မြန်မာနိုင်ငံ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း လုပ်ငန်းများ၊ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်ရှိသည့် မြန်မာနိုင်ငံသားများအား အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.