နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီးရှစ်ဦး ပေါင်း ၁၄၉ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်
နေပြည်တော်
ဇန်နဝါရီ ၂၃
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်
ဝင်ရောက်လာကြသူများကို လည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
တပ်မတော်
စစ်ကြောင်းများအနေဖြင့် PDF အမည်ခံ
အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး
မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်း မြို့နယ်တို့အားတစ်ခုပြီးတစ်ခု
ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း
ဆက်သွယ်ရေးလမ်းကြောင်း၊ သပိတ်ကျင်း - မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်း များကို
အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေး နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့်
ဝမ်းသာ အားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊
ယုံကြည် အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်
ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ဝင်များအနေဖြင့်လည်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည် သဘောပေါက်လာကြကာ အကြမ်းဖက်လုပ်ရပ်ဆောင်ရွက်ခဲ့မှုများအပေါ်
စိတ်ပျက် နောင်တ ရမှုများနှင့်အတူ ၎င်းတို့အဖွဲ့အတွင်း အနိုင်ကျင့်
ဗိုလ်ကျမှုများကို လက်ခံနိုင်ခြင်း မရှိတော့ဘဲ ဥပဒေဘောင်အတွင်းသို့ အသီးသီးပြန်လည်ဝင်ရောက်လာကြသည့်
PDF
အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနှင့်
အမျိုးသမီးရှစ်ဦး ပေါင်း ၁၄၉ ဦးတို့ကို တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေ
များအလိုက် ကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ
ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် မိသားစုဝင် ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ
စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက်
အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊
သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို
မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊
၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်း ခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊
သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ
နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင်
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး
ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်
နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်းတို့ကြောင့်
လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း
သိရသည်။
ထိုသို့
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီး အောင်မြေ
သာစံမြို့နယ်မှ အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦး၊ မဟာအောင်မြေ မြို့နယ်မှ
အမျိုးသား ၁၄ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား တစ်ဦး၊ အမရပူရမြို့နယ်မှ
အမျိုးသား သုံးဦး၊ အမျိုးသမီး တစ်ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား သုံးဦး၊
သပိတ်ကျင်း မြို့နယ်မှ အမျိုးသား ၆၉ ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား ရှစ်ဦး၊ စဉ့်ကူးမြို့နယ်မှ
အမျိုးသား ခြောက်ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား ကိုးဦး၊ နွားထိုးကြီးမြို့နယ်မှ
အမျိုးသား တစ်ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား သုံးဦး၊ မြင်းခြံမြို့နယ်မှ
အမျိုးသား ငါးဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား ငါးဦး၊ မကွေးတိုင်းဒေသကြီး
မကွေးမြို့နယ်မှ အမျိုးသား တစ်ဦး၊ ငဖဲမြို့နယ်မှ အမျိုးသား တစ်ဦး၊
ပွင့်ဖြူမြို့နယ်မှ အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး၊ အောင်လံမြို့နယ်မှ
အမျိုးသား သုံးဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား နှစ်ဦး၊ စလင်းမြို့နယ်မှ အမျိုးသား တစ်ဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း
၁၄၉ ဦးတို့အား တာဝန်ရှိသူများက စနစ်တကျ ကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ
ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘ အုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင်
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့်
ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးစကားများ
ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား မောင်းပြန်ရိုင်ဖယ် တစ်လက်နှုန်းအတွက်
ဆုကြေးငွေကျပ် သိန်း ၅၀ နှုန်းဖြင့် ၁၀ လက်အတွက် ငွေကျပ် သိန်း ၅၀၀၊ ပစ္စတိုသေနတ်တစ်လက်နှုန်းအတွက်
ဆုကြေး ငွေကျပ် သိန်း ၂၀ နှုန်းဖြင့် သုံးလက်အတွက် ဆုကြေးငွေကျပ် သိန်း ၆၀၊
လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေကျပ် ငါးသိန်း၊ လက်ပစ်ဗုံး တစ်လုံးစီအတွက်
ဆုကြေးငွေကျပ် သုံးသိန်းနှုန်းဖြင့် လက်ပစ်ဗုံး ၁၁ လုံးအတွက် ငွေကျပ် ၃၃ သိန်း၊
စကားပြောစက် တစ်လုံးအတွက် ဆုကြေးငွေကျပ် နှစ်သိန်းနှင့် တိုင်းဒေသကြီးအစိုးရမှ
လက်နက်မပါရှိဘဲ အလင်းဝင်ရောက်လာသူများ အတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့်
၁၃၅ ဦးအတွက် ဆုကြေးငွေကျပ် ၁၃၅ သိန်း စုစုပေါင်း ငွေကျပ် ၇၃၅ သိန်းအား ထောက်ပံ့
ပေးအပ်သည်။
ထို့နောက်
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့်
မောင်းပြန်ရိုင်ဖယ် ၁၀ လက်၊ ပစ္စတိုသုံးလက်၊ လက်လုပ်သေနတ် တစ်လက်၊ လက်ပစ်ဗုံး ၁၁
လုံး၊ စကားပြောစက်တစ်လုံး၊ ကျည်အိမ် ၁၆ ခု၊ ကျည် ၁၂၆၇ တောင့် တို့အား
လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးက ဥပဒေဘောင်အတွင်း
ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ
ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံ
ပေးအပ်ခဲ့သည်။
ထို့နောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြ
သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့်
တည်ခင်းဧည့်ခံခဲ့သည်။
ထိုသို့
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်
ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်
လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ
ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့်
နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့်
ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ
ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ
ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း
ဝင်ရောက် လာကြသူများ၏ ရင်တွင်းစကား သံများကိုလည်း ယခုကဲ့သို့ ကြားသိ ရပါသည် -
ကျွန်တော်
အကြမ်းဖက်အဖွဲ့အစည်းထဲ ဝင်ရောက်သွားတဲ့ ပုံစံကတော့ ကျွန်တော့်အိမ်၊ မိသားစုနဲ့
အဆင်မပြေဖြစ်နေတဲ့အချိန် အပြင်ထွက်ပြီး သူငယ်ချင်းအိမ် သွားနေပါတယ်။ ကျွန်တော့်
သူငယ်ချင်းတွေ အကုန်လုံးက ဒီအကြမ်းဖက်အဖွဲ့အစည်းထဲ ဝင်သွားကြတာပါ။ ကျွန်တော်
တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်မှာ ကျွန်တော်လည်း သူတို့နောက်ကိုလိုက်ပြီး
ဝင်သွားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ R - 2 လို့ခေါ်တဲ့ လူသစ်စုဆောင်းရေးဌာနသို့ ကျွန်တော်တို့ကို ပို့ပါတယ်။ အဲဒီ
လူသစ်စုဆောင်းရေးဌာနမှာ ကျွန်တော်တို့ တစ်လလောက်နေခဲ့ရပါတယ်။ တစ်လလောက်နေပြီး
တဲ့အချိန်မှာ ကျွန်တော်တို့ ပန်းအိုးကြီး ပန်းအိုးလေးနားက သင်တန်းကွင်းကို
တစ်ခါထပ်ပို့ပါတယ်။ သူတို့ကတော့ စိတ်ဓာတ်စစ်ဆင်ရေးဘာညာပြောတာပေါ့။ ဒါပေမဲ့ အဲဒီသင်တန်းကွင်းမှာတင်
အဲဒီလိုကြမ်းတမ်းပြီး သေတဲ့သူလဲသေသွားကြပါတယ်။ ထမင်းကြတော့ မဝရေစာပဲကျွေးပါတယ်။
စားရတော့ ကန်စွန်းရွက်ရေလုံပြုတ်၊ ခရမ်းသီးရေလုံပြုတ်တို့ပဲ စားရတာများပါတယ်။
သင်တန်း ဆရာတွေကလည်း မိန်းကလေးတွေဆိုရင် သားပြော မယားပြော ပြောတာတွေ ရှိပါတယ်။
ကျွန်တော် သင်တန်းကာလ ပြီးသွားတဲ့အခါမှာ လုံခြုံရေးဌာနကို ရောက်သွားပါတယ်။ စဉ့်ကူးမြို့လို့ခေါ်တဲ့ စဉ့်ကူးမြို့မှာ
ဂိတ်စောင့်ရပါတယ်။ ပြည်သူတွေ ရွှေလုပ်လာလို့ ပြည်သူတွေဆီက အခွန် ကောက်ရတာပေါ့။ ဆိုင်ကယ်တွေ
ဖြတ်သွားလို့ရှိရင်လည်း အခွန်ကောက်ရတယ်ပေါ့။ ကျွန်တော်တို့ အောက်က ရဲဘော်တွေ
အဲလိုလုပ်ရပါတယ်။ ဒါပေမဲ့ အထက်က အရာရှိပိုင်းတွေကတော့ စဉ့်ကူး မြို့နယ်ထဲက
ရွှေတွင်းတွေမှာ သူကလိုက်ပြီးအခွန်ကောက်တယ်။ ဆက်ကြေးကောက်တယ်။ ပြီးရင်
သူတို့ကိုယ်ကျိုးတွေအတွက်ပဲ အသုံးပြုသွားကြပါတယ်။ ရပ်ရွာထဲကပြည်သူတွေက မင်းတို့လို
အကြမ်းဖက်အဖွဲ့အစည်းတွေကို ရေတောင်မတိုက်ချင်တော့ဘူးလို့ ပြောပါတယ်။ မင်းတို့ကို
ငါတို့က မသဒ္ဓါတော့ဘူးပေါ့။ အဲဒီလိုစကားတွေကြားရတော့ ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့လမ်းက
တော်တော် မှားနေပြီလို့ ကျွန်တော်သိခဲ့ရပါတယ်။ နောင်တလည်း တော်တော်ရပါတယ်။
ပြည်သူတွေကိုလည်း အားနာမိတယ်။ အဲဒါနဲ့ ကျွန်တော် အလင်းဝင်ဖို့ ကြိုးစားခဲ့ပါတယ်။
ကျွန်တော့်အစ်ကိုဆီ ကျွန်တော် ဆက်သွယ်ခဲ့ပါတယ်။ အဲဒီမှာ အစ်ကိုက ငါ့ညီဘာမှမဖြစ်ဘူး
အာမခံတယ်။ အစ်ကိုကြီးကိုယ်တိုင် လိုက်ပို့ပေးမယ်ဆိုပြီး ကျွန်တော်သူ့ဆီ
သွားလိုက်ပါတယ်။ အဲဒီမှာသူက တပ်မတော်က ဗိုလ်ကြီး တွေဆီ လိုက်ပြီးပို့ပေးပါတယ်။
သင်တန်းကွင်းမှာ တန်းစီတိုင်း မှိုင်းတိုက်ခံရတာကျတော့ မင်းတို့ ဟိုဘက်ကို
အလင်းဝင်သွားရင်တော့ ဟိုဘက်ကမင်းတို့ကို ညှဉ်းပန်းနှိပ်စက်ပြီးသတ်မှာပဲ။ မင်းတို့
မိသားစုတွေလည်း ဒုက္ခရောက်မှာ။ အဲဒီလိုမျိုးတွေမှိုင်းတိုက်ထားပါတယ်။
ကျွန်တော်တို့ကလည်း အရဲစွန့်ပြီးလာရတာပါ။ တကယ့်တကယ်ကျတော့ တပ်မတော်က ညီအစ်ကိုတွေ
ကျွန်တော်တို့ကို ကြိုဆိုကြတာ သူတို့ပြောတာနဲ့ တခြားစီပဲ။ အဲဒီလိုပဲ ကျန်ခဲ့တဲ့ညီအစ်ကို
မောင်နှမတွေလည်း အမြန်ဆုံးအလင်းလာဝင်စေချင်ပါတယ်။ ဒီအကြမ်းဖက်အဖွဲ့အစည်းရှိနေလို့
ကျွန်တော်တို့ နိုင်ငံကြီးဟာလည်း တိုးတက်ဖွံ့ဖြိုးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့
အနာဂတ် စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း
ဒီအကြမ်းဖက်အဖွဲ့အစည်းတွေ မရှိဖို့လိုပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက် အဖွဲ့အစည်းထဲရောက်နေတဲ့
ညီအစ်ကိုတွေကိုလည်း အမြန်ဆုံးအလင်းလာဝင် ပြီးတော့ အမြင်မှန်ရပြီးဝင်စေချင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း နောက်နောင်ဒီအကြမ်းဖက် အဖွဲ့အစည်း ထဲမှာ ဘယ်တော့မှ
မပတ်သက်တော့ပါဘူးလို့ ပြည်သူတွေရှေ့မှာ ကတိသစ္စာပြုအပ်ပါတယ်။
ကျွန်တော့်သူငယ်ချင်း
အရင်းက ကျွန်တော့်ကို သူငယ်ချင်းမင်းအလုပ်လုပ်မှာလား၊ အလုပ် လုပ်ချင်လို့ရှိရင်
အလုပ်ခေါ်မယ်။ ပိုက်ဆံလည်း အေးအေးဆေးဆေးလေးနဲ့ရမှာပါ။ အလုပ်ကလည်း သက်သာတယ်။
မင်းတို့ ကွန်ပျူတာလေးပဲ ထိုင်နှိပ်ရုံပဲလို့ပြောပြီးတော့မှ ကျွန်တော့်ကို ခေါ်သွားခဲ့တယ်။
အဲဒီလို မက်လုံးတွေပေးပြီးတော့ အဲဒါနဲ့ ကျွန်တော်လက်ပံလှ လူသစ်စုဆောင်းရေး ကိုရောက်တယ်။
လက်ပံလှလူသစ်စုဆောင်းရေးမှာ တစ်ရက်နေခဲ့ရတယ်။ အဲဒီမှာ တစ်ရက် နေခဲ့ပြီးတော့
ကျွန်တော်တို့ R - 2 ဆိုတဲ့ လူသစ်
စုဆောင်းရေးကို ထပ်ရောက်တယ်။ အဲဒီမှာတော့ တစ်လခွဲ လောက်နေခဲ့ရတယ်။ တစ်လခွဲလောက်နေပြီးတော့
ကျွန်တော်တို့ အဲဒီမိုးကုတ်ဆိုတဲ့ သင်တန်းကွင်းကို ရောက်ပါတယ်။ မိုးကုတ်ဆိုတဲ့
သင်တန်းကွင်းမှာ ပလောင်ဆရာတွေက သူတို့ရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေရယ်၊
ဖိနှိပ်ဆက်ဆံမှုတွေရယ် အများကြီးပေါ့ဗျာ။ အဲဒီဒဏ်တွေကို ကျွန်တော်တို့
ခါးခါးသီးသီးခံခဲ့ရပါတယ်။ ကျွန်တော်တို့ ထမင်းစားရတဲ့အခါမှာလည်း ထမင်းကိုကောင်းကောင်း
မွန်မွန်မစားရဘူး။ ထမင်းကို ဘူးသီးရေလုံပြုတ်၊ ခရမ်းသီးရေလုံပြုတ် အဲလိုတွေကျွေးပါတယ်။
ထောက်ပို့ကို တစ်ပတ်လောက်လုပ်ပြီးတော့ ကျွန်တော်တို့ ရှေ့တန်းကို သေနတ်ပေးပြီးတော့မှ
ရှေ့တန်းကိုလွှတ်ပါတယ်။ လွှတ်ပြီးတော့ ကျွန်တော်တို့ တပ်မတော် စစ်ကြောင်းနဲ့ တွေ့ပါတယ်။
တပ်မတော်က စစ်ကြောင်းနဲ့တွေ့တော့ ကျွန်တော်တို့ ခွေးပြေး၊ ဝက်ပြေး ပြေးခဲ့ရပါတယ်။
လက်နက်တွေချပြီးတော့ ပြေးခဲ့ရတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အသက်ဘေးကနေ
လုပြီးတော့ ပြေးခဲ့ရတာတွေလည်းရှိပါတယ်။ ပြည်သူတွေကို သူတို့တွေ အနိုင်ကျင့်
နှိပ်စက်တာတွေကို ကျွန်တော်မကြိုက်လို့ ရုန်းထွက်ဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာ့တပ်မတော်က
ကောင်းကောင်းမွန်မွန် နွေးနွေးထွေးထွေး ကြိုဆိုနေတဲ့အချိန်မှာ လာပြီးတော့
အလင်းဝင်ကြပါ။ အကြမ်းဖက် အဖွဲ့အစည်းကို အားပေးအားမြှောက်မပြုဖို့လည်း
ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ကျွန်တော်ဆိုရင်လည်း နောင်တတွေအများကြီးရခဲ့ပါတယ်။
ကျွန်တော်လုပ်ခဲ့တဲ့ ဒီအကြမ်းဖက် အဖွဲ့အစည်းနဲ့ ကျွန်တော်ပေါင်းပြီးတော့ ပြည်သူတွေကို
ဖိနှိပ်ဆက်ဆံတာတွေ၊ ရိုက်နှက်တာတွေ လုပ်ခဲ့တာတွေလည်း ရှိပါတယ်။ အဲဒါတွေအကုန်လုံးအတွက်
ပြည်သူတွေကို ကျွန်တော်စိတ်ရင်းနဲ့ ကျွန်တော့်ကို ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျ။
သတင်းစဉ်
No comments