ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေစပါး ဧက ၈၀၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်
ရန်ကုန် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေစပါးဧက ၂၅၆၈၉၁
ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ နွေစပါး ဧက ၈၀၀၀၀ ကျော်
စိုက်ပျိုးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီးအတွင်း လျာထားဧက ရောက်ရှိသည်အထိ
နွေစပါးများကို စိုက်ပျိုးသွားမည်ဖြစ်ပြီး စပါးစိုက်တောင်သူများသည် အထွက်ကောင်းမျိုးများဖြစ်သော
ဆင်းသုခ၊ သီးထပ်ရင်၊ ရက် ၉၀၊ အောင်နိုင် တိုး၊ GW-11 ၊ စူပါနှံကောက်၊ မှော်ဘီ-၃၊ ဆာဖိုးသာ
(ဗီယက်နမ်မျိုး)နှင့် ကောက်ညှင်း စသည့် မျိုးကောင်းစပါးများကို စိုက်ပျိုးလျက်ရှိကာ
ရက် ၉၀ နွေစပါးကို အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ခရိုင်ကိုးခုရှိပြီး
အလုံခရိုင်မှလွဲ၍ အခြားခရိုင် ရှစ်ခုရှိ မြို့နယ်များတွင် နွေစပါးများ စိုက်ပျိုးကြကာ
တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊
စိုက်ပျိုးနည်းစနစ် အပင်ပြုစုခြင်း၊ ဘက်စုံပိုးမွှားကာကွယ် နှိမ်နင်းခြင်းနှင့် ရိတ်သိမ်းချိန်လွန်
နည်းပညာပေးလုပ်ငန်းများကို ရာသီအလိုက်၊ သီးနှံအလိုက် ပညာပေးလုပ်ငန်းများအပါအဝင်
ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်
တောင်သူများအတွက် တစ်ဧကအထွက်နှုန်း တိုးတက်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်
အသိပညာပေးလုပ်ငန်းများအပြင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသခြင်း၊ စံကွက်ရိတ်သိမ်းခြင်းနှင့်
ထောက်ပံ့မှုများပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး တောင်သူများအတွက် လိုအပ်သည့်
စိုက်ပျိုးရေး သွင်းအားစု ယူရီးယားဓာတ်မြေဩဇာ ၄၈၄၈ တန်ကို နွေစပါးနှင့် ဆီထွက်သီးနှံများ
စိုက်ပျိုးထုတ်လုပ်မှုအတွက် ဖြန့်ဖြူးဆောင်ရွက်ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယမန်နှစ် နွေစပါးရာသီက လျာထားဧက
ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကာ ယခုနှစ် နွေစပါးရာသီ၌လည်း လျာထားဧက ကျော်လွန်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး

No comments