မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃၀၀ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၂၀ ခွင့်ပြု

 



နေပြည်တော် ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လက်ရှိ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အသစ်လေးခုကို လည်းကောင်း၊ စက်မှု၊ ဟိုတယ်ခရီး၊ လျှပ်စစ်၊ အိမ်ရာ အဆောက်အအုံ တည်ဆောက်ခြင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၁၆ ခုတို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၉၁၁ သန်းနှင့် ငွေကျပ် ၂၁၂၀၄၃၆ ဒသမ ၆၅၂ သန်းဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃၈၂ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယနေ့အစည်းအဝေးက ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းများ၊ အိမ်ရာ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းများ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများအပြင် စားသောက်ကုန်ထုတ် လုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းတို့လည်း ပါဝင်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန် အထိ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံ ထားသည့်ကဏ္ဍများမှာ လျှပ်စစ် ဓာတ်အားကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များအား စိစစ်ခွင့်ပြုခြင်း၊ လက်ရှိ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများ အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.