ဆေးတက္ကသိုလ်(၁) ( ရန်ကုန် )၏ (၁၁/၂၀၂၅) ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
ရန်ကုန် ဇန်နဝါရီ ၂၆
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား
အရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (၁) (ရန်ကုန်) ၏ (၁၁/၂၀၂၅) ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို
ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁) ပြည်လမ်းနယ်မြေ
(PyayCampus) ၌ ကျင်းပသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ဆေးတက္ကသိုလ်
(၁) (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကျော်ရွှေ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/
ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် (၁၁/၂၀၂၅) ပညာသင်နှစ်တွင်
ဆေးတက္ကသိုလ်(၁) ရန်ကုန်သို့ ဝင်ခွင့်ရရှိခဲ့ကြသော မောင်မယ်သစ်လွင်ကျောင်းသား ကျောင်းသူများ
တက်ရောက်ကြသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပါမောက္ခချုပ်
ဒေါက်တာကျော်ရွှေက ဆေးပညာလောကသို့ စတင်ဝင်ရောက်လာကြသော မောင်မယ်သစ်လွင်များအား ဆေးတက္ကသိုလ်(၁)အနေဖြင့်
လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကိုယ်စားလည်းကောင်း လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊
နိုင်ငံတော်မှ အားထားရမည့် ဆေးပညာရှင်ကောင်းများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊
တက္ကသိုလ်ပတ်ဝန်းကျင်သစ်တွင် အတွေ့အကြုံသစ်များနှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်သဖြင့် မိမိကိုယ်ကိုထိန်း
ကျောင်းတတ်ရန်နှင့် အကောင်းအဆိုး အကြောင်း အကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်များ
ဖွံ့ဖြိုးရန် လိုအပ်ကြောင်း၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကိုယ်ကျင့်တရား ကောင်းမွန်အောင်
ထိန်းသိမ်းတတ်ရန် လိုအပ်ကြောင်း၊ နှစ်ပေါင်း ၁၂၀ ကျော် ဖြတ်သန်းခဲ့သည့် ဆေးတက္ကသိုလ်(၁)
၏ ကောင်းမွန်သော ဆေးပညာသမိုင်းကြောင်းကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ တက္ကသိုလ်၏
စည်းမျဉ်းစည်းကမ်းများနှင့် ဆေးပညာကျင့်ဝတ်များကို သိရှိလိုက်နာ စောင့်ထိန်းပြီး ဆေးပညာရပ်အပေါ်
တန်ဖိုးထားလေးစားကာ ပညာရပ်များကို ဆုံးခန်းတိုင် ဆက်လက်လေ့လာဆည်းပူးကြရန် ပြောကြားသည်။
ဆက်လက်၍ ဒုတိယပါမောက္ခချုပ် (သင်ကြား)
နှင့် ဒုတိယပါမောက္ခချုပ် (စီမံ) တို့က ဆေးတက္ကသိုလ် (၁) ကျောင်းသား ကျောင်းသူများအား
ဂုဏ်ပြုကြိုဆိုကြောင်း ပြောကြားကြပြီး အခမ်းအနားအပြီးတွင် အကြီးတန်း ကျောင်းသား ကျောင်းသူများက
တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments