မိုင်းဆတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးကိစ္စရပ်များ ဆွေးနွေး
နေပြည်တော် ဇန်နဝါရီ ၂၆
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့အနီးရှိ သတ္တုလုပ်ကွက်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက သတ္တုတူးဖော်ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေသော Mine Design များ ရေးဆွဲဆောင်ရွက်သွားရန်၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်၊ ပတ်ဝန်းကျင် ထိခိုက်သွားသော နေရာများတွင် သစ်ပင်များ အစားထိုးစိုက်ပျိုးသွားရန်၊ ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများစိုက်ပျိုးသွားရန်၊ တရားမဝင် သတ္တုတူးဖော်ထုတ်ယူမှုများ မရှိအောင် ကာကွယ်တားဆီးသွားရန် မှာကြားပြီး သတ္တုထုတ်လုပ်သန့်စင်မှု ဆောင်ရွက်နေမှုလုပ်ငန်း အဆင့်ဆင့်နှင့် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း တည်ထောင်ထားရှိမှု အခြေအနေအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ မိုးလုံလေလုံအားကစား ခန်းမ၌ ဌာနဆိုင်ရာ တာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။
ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တောမီး ကာကွယ်ခြင်း၊ ရိုးပြတ်များနှင့် စိုက်ပျိုးရေးစွန့်ပစ် အမှိုက်များကို မီးမရှို့ဘဲ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ရွှေ့ပြောင်း တောင်ယာမီးရှို့ခြင်းကို အခြားစိုက်ပျိုးရေး နည်းစနစ်များဖြင့် အစားထိုးအသုံးပြုခြင်း၊ ပေါ့ဆမီးလောင်မှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်သွားရေးသည် အထူးအရေးကြီး ပါကြောင်း၊ အလားတူ နမ့်ခုတ်မြစ် ရေရှည်တည်တံ့ရေးနှင့် သန့်ရှင်းကောင်းမွန်သောရေ ရရှိရေးအတွက်လည်း အားလုံးဝိုင်းဝန်းထိန်းသိမ်းသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ပူးပေါင်းပါဝင်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သစ်တောထိန်းသိမ်းရေးနှင့် ကျေးလက်၊ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနရုံးနှင့် မိုင်းဆတ်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရုံးများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးကာ မိုင်းဆတ်မြို့၏ လေထုအရည် အသွေးတိုင်းတာမှုနှင့် နမ့်ခုတ်မြစ်၏ ရေအရည် အသွေးတိုင်းတာမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments