တနင်္သာရီတိုင်းဒေသကြီး၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေး
ထားဝယ် ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး အတွင်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ မြို့တော်ခန်းမ (၂)၌ ကျင်းပသည်။
အသိပညာပေး ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် အသက် (၁)နှစ်မှ(၅)နှစ် အတွင်းရှိ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်းနှင့် အမီလိုက် ကာကွယ်ဆေးထိုးခြင်း နည်းလမ်းများဖြင့် ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားကူးစက်နိုင်ခြေများပြီး အစုအဝေးဖြင့် နေထိုင်သည့် နေရာများရှိ အသက် (၁၅) နှစ်အောက် ကလေးများအတွက် လိုအပ်သော ကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးရေးလုပ်ငန်း၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသော ရောဂါများ ဖြစ်ပွားချိန်တွင် တုံ့ပြန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများ စသည့် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး /ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန ခွဲများမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အားလုံးကို ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းမျာတွင်လည်း အားသွန်ခွန်စိုက် ထပ်မံပူးပေါင်းဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်းပြော ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဂျီဆိုင်းတောင်က ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများနှင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး မှတ်တမ်း Video ကို ကြည့်ရှုပြီး ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းနှင့် ပတ်သက်သော ပြခန်းကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments