မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


မော်လမြိုင် ဇန်နဝါရီ ၂၈

 

မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)ကို ယနေ့နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းများအနက် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဥပဒေများကို ပြန်လည်ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန်၊ ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မည့်သူများကို အသိပညာပေးရန်နှင့် ယင်းတို့၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်တို့မှာ အဓိကကျသည့် လုပ်ငန်းများဖြစ်၍ ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေး စေလိုပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့်လည်း ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာ အခက်အခဲများ လိုအပ်ချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးလိုကြောင်း၊ ယခုအခါ ဥပဒေရေးရာဆပ်ကော်မတီ၏ ၂၀၂၄-၂၀၂၈ ခုနှစ် ဒုတိယငါးနှစ်တာစီမံချက်ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီအတွင်းရေးမှူး ပြည်နယ်ဥပဒေအရာရှိ ဦးအောင်ကိုမြတ်က ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်းနှင့် ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများ ဆွေးနွေးတင်ပြခြင်းအပေါ် အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပြီး ဆပ်ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.