အာဖဂန်နစ္စတန်အလယ်ပိုင်းတွင် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်မှုကြောင့် ကျောင်းသား လေးဦးသေဆုံး
ဇန်နဝါရီ ၂၆
အာဖဂန်နစ္စတန်အလယ်ပိုင်း ဒေးကွန်ဒီပြည်နယ်၏ ပြည်နယ်မြို့တော် နီလီတွင် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်မှုကြောင့် ယမန်နေ့က ကျောင်းသား လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
အဆိုပါကျောင်းသားများသည် ၎င်းတို့၏အခန်းကို အပူပေးရန် ရိုးရာမီးဖိုတွင် သန့်စင်မထားသော ကျောက်မီးသွေးကို အသုံးပြုရာ အဆိပ်ဓာတ်ငွေ့များ အိမ်တွင်း၌စုပုံလာပြီး အသက်ရှူကြပ် သေဆုံးခြင်းဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းတို့သည် အသက် ၁၆၊ ၁၇၊ ၁၈ နှင့် ၁၉ နှစ်အရွယ်ရှိသူများဖြစ်ကြပြီး ပြည်နယ်၏ ဝေးလံခေါင်သီသောခရိုင်တစ်ခုမှ အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်ပြင်ဆင်ရန် နီလီသို့ ခရီးထွက်ခဲ့ကြခြင်းဖြစ်ပြီး စာပေလေ့လာနေချိန်တွင် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သောသီတင်းပတ်နှစ်ပတ်က မြောက်ပိုင်းဘာဒါရှန်ပြည်နယ်ရှိ ကျောက်တွင်းတစ်ခုတွင် ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်မှုကြောင့် မိုင်းလုပ်သား လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ပြင်းထန်သောဆောင်းရာသီများနှင့် ဗဟိုအပူပေးစနစ်များမရှိခြင်းကြောင့် အိမ်ထောင်စုများစွာသည် ထင်း သို့မဟုတ် ကျောက်မီးသွေးကို မီးရှို့ပြီးအသုံးပြုရသည့်် ရိုးရာမီးဖိုများကို အားကိုးနေကြရကာ လေဝင်လေထွက်မကောင်းခြင်းနှင့် အရည်အသွေးနိမ့်လောင်စာအသုံးပြုမှုတို့ကြောင့် ယင်းကဲ့သို့သော ဝမ်းနည်းဖွယ်ဖြစ်ရပ်များ အဖြစ်များ နေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments