လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပ
လူမှုကာကွယ်
စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌
ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်
မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၀ တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး
အဓိကလုပ်ငန်းစဉ် (၈)ရပ် ပါဝင်ကြောင်း၊ လက်ရှိတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်
၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)၊ လူမှုရေးပင်စင်အစီအစဉ်နှင့်
ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
လာမည့်ဘဏ္ဍာနှစ်များတွင် Mobile Pay (Electronic Cash Transfer-ECT) နည်းလမ်းဖြင့် ပြောင်းလဲ၍ ထောက်ပံ့နိုင်ရန်
စီစဉ်လျက်ရှိကြောင်း။
ထို့ပြင်
ဘေးအန္တရာယ်ဆိုင်ရာထိခိုက်မှုများ၊ ရုတ်တရက်ဝင်ငွေဆုံးရှုံးမှုများနှင့် အရေးပေါ် အခြေအနေ
များကြောင့် ဖြစ်ပေါ်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲ အကျပ် အတည်းများကို
စီမံဖြေရှင်းနိုင်ရေးအတွက် ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် ကိုယ်ဝန်ဆောင် မိခင်၊
အသက် (၅) နှစ်အောက် ကလေး၊ အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်နှင့်
မသန်စွမ်း သူများကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊
လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများသည် အစိုးရတစ်ရပ်အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရမည့်
လုပ်ငန်းများဖြစ်ပြီး ပြည်သူလူထုကို အမှန်တကယ် တိုက်ရိုက်အကျိုးပြုသည့်
လုပ်ငန်းများဖြစ်သဖြင့် တက်ရောက်လာကြသည့်
ကော်မတီဝင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက်အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊
ဆက်လက်ဆောင်ရွက်သွားရမည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို
ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက်
ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများက ဝန်ကြီးဌာနအလိုက် လူမှုကာကွယ်
စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်
လုပ်ငန်းအစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments