Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ(ဘက်စုံသုံးခန်းမ) ဖွင့်ပွဲအခမ်းအနားကျင်းပ
ဘွဲ့နှင်းသဘင်ခန်းမတွင်
ဘွဲ့ရကျောင်းသား ၂၃၀ ကို မကြာမီတွင် ပထမအကြိမ်အဖြစ် ဘွဲ့အပ်နှင်း ချီးမြှင့်ပေးနိုင်တော့မည်
နေပြည်တော်
ဖေဖော်ဝါရီ ၁၀
နေပြည်တော်ကောင်စီနယ်မြေ
ဇမ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy (ဘွဲ့နှင်းသဘင်ခန်းမ)
ဘက်စုံသုံး ခန်းမဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး
အမှာစကားပြောကြားသည်။
တက်ရောက်
အဆိုပါအခမ်းအနားသို့
ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊
ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊
နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ
အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ
ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw
State Academy မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ
တက်ရောက်ကြသည်။
ဦးစွာ
နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း
သာယာရေးကော်မရှင်ဥက္ကဋ္ဌသည် Naypyitaw State Academy သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲတွင် ခင်းကျင်းပြသထားမှုများကို
လှည့်လည် ကြည့်ရှု အားပေးကြသည်။
ယင်းနောက် Naypyitaw
State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) ဖွင့်ပွဲ
အခမ်းအနားကို ကျင်းပပြုလုပ်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊
ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
ချောချောစိန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က
အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံး ခန်းမ) ရှေ့တွင်
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက်
နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌက Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ
(ဘက်စုံသုံးခန်းမ) ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး
ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ယင်းနောက် Naypyitaw
State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ) အတွင်း
လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေး
ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းကို
ကျင်းပပြုလုပ်ရာ Naypyitaw State Academy မှ
ကျောင်းသူလေးများက Naypyitaw State Academy သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်
အခမ်းအနား တက်ရောက်လာကြသူများသည် Naypyitaw State Academy ၏ ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း Documentary အား ကြည့်ရှုကြသည်။
ယင်းနောက်
နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ မြို့တော်နေပြည်တော်တွင်
ပြည်ထောင်စုအဆင့် အဆောက်အအုံများ၊ ခေတ်မီမြို့ပြ နေထိုင်မှုစနစ်များ၊ Naypyitaw
State Academy နှင့် Naypyitaw State Polytechnic University တို့ကဲ့သို့ အဆင့်မြင့် တက္ကသိုလ်များတည်ရှိနေမှုသည်
နေပြည်တော်၏ ဂုဏ်ကျက်သရေကို တင့်တယ်ခမ်းနားစေသည့်အပြင် ခေတ်မီပညာရပ်များ
သင်ကြားပို့ချရာ ပညာရေးမြို့တော် အဖြစ်လည်း ပုံဖော်ဖန်တီးပေးလျက်ရှိကြောင်း။
နိုင်ငံတော်
အစိုးရအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့်
အနာဂတ်ကို တည်ဆောက်နိုင်ရေး ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ ထိုသို့သော
ရည်မှန်းချက် နှင့်အညီ နိုင်ငံတကာအဆင့်မီ Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် တည်ထောင်
ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုတက္ကသိုလ်ကြီးသည် ဝိဇ္ဇာ၊ သိပ္ပံ၊ စီးပွားရေး၊ ဥပဒေပညာ၊
ဆေးပညာ၊ လူမှုရေးပညာ၊ သံတမန်ရေးရာ၊ အားကစား အစရှိသည့် ဘာသာရပ်နယ်ပယ်စုံလင်စွာဖြင့် ဘက်စုံပညာများကို
သင်ကြားပို့ချပေးနေသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ပညာရပ်ပေါင်းစုံ လေ့လာသင်ယူနိုင်မည့်
Comprehensive
University လည်းဖြစ်ကြောင်း။
Naypyitaw State Academy သည် နိုင်ငံတော်၏ လူမှုစီးပွားဘဝမြင့်မားရေးကို
ဖော်ဆောင်ပေးနိုင်မည့် ပညာရှင်များမွေးထုတ်ပေးနိုင်မည့် ဦးဆောင်တက္ကသိုလ်
တစ်ခုဖြစ်ကြောင်း၊ “ပညာဧဝ အဓိပတိ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပညာကိုအထွတ်အမြတ်ထား
ဦးထိပ်ပန်ဆင်ပြီး ပညာအမွေကို လက်ဆင့်ကမ်း ဖြန့်ဝေပေးနေသည့် တက္ကသီလာတစ်ခုလည်း
ဖြစ်ပါကြောင်း။
ယခင်က
နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောတက္ကသိုလ်များသာ ရှိခဲ့ကြောင်း၊
ယခုဆိုပါက နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးများအနေဖြင့်
ရှိပြီးသား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှာသာမက Naypyitaw
State Academy နှင့် Naypyitaw State Polytechnic University တို့တွင် အဆင့်မြင့်ပညာများကို အဆင်ပြေချောမွေ့စွာ
လက်လှမ်းမီ သင်ယူနိုင်ကြပြီ ဖြစ်ပါကြောင်း။
ယနေ့တွင်
ထိုကဲ့သို့သော အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသည့် ဘွဲ့ရပညာတတ်
နိုင်ငံ့သားကောင်း ရတနာမွန်များ မွေးထုတ်ပေးရာ Naypyitaw State Academy ၏ ဘွဲ့နှင်းသဘင် ခန်းမ(ဘက်စုံသုံးခန်းမ)ကို အခမ်းအနားဖြင့်
ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း။
ဘွဲ့နှင်းသဘင်ခန်းမဟူသည်မှာ
ပညာသင်ယူမှု ခရီးလမ်း၏ အောင်မြင်မှုမှတ်တိုင်အဖြစ် တက္ကသိုလ်ပညာရေး အဆင့်တစ်ခု
ပြီးမြောက်ကြောင်း အသိအမှတ်ပြု ဘွဲ့လက်မှတ်များ အပ်နှင်းချီးမြှင့်ရာ ထွတ်မြတ်သည့်
နေရာမွန်ဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခု၏ ဂုဏ်သိက္ခာကြီးမြတ်မှု၊ ပညာဂုဏ်သတင်းကျော်ဇောမှု၊
သမိုင်း အစဉ်အလာ ကောင်းမွန်မှုများကို ကမ္ပည်းမော်ကွန်းတင်ရာ ကျက်သရေမင်္ဂလာရှိသည့်
ဗိမာန် တစ်ခုလည်း ဖြစ်ကြောင်း။
ယခု
ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အအုံ ဒီဇိုင်းများကို မဲစနစ်ဖြင့် ကျောင်းသား ကျောင်းသူများကိုယ်တိုင်
ရွေးချယ်စေခဲ့ပြီး ရွေးချယ်မှုမဲအများဆုံးရရှိသည့် ဒီဇိုင်းဖြင့် တည်ဆောက်ခဲ့ခြင်းသည်
ယခုဘွဲ့နှင်းသဘင် ခန်းမကြီး၏ ထူးခြားချက်ပင်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့သော
ဆောင်ရွက်မှုများမှတစ်ဆင့် လူငယ်များ၏ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ပေးကြရန်နှင့်
ဒီမိုကရေစီ အလေ့အကျင့်ကောင်းများရရှိအောင် လေ့ကျင့် ပေးကြစေလိုကြောင်း၊ ယခုဆိုပါက
ယခုဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့ရကျောင်းသား ၂၃၀ ကို မကြာမီတွင် ပထမအကြိမ်အဖြစ်
ဘွဲ့အပ်နှင်းချီးမြှင့် ပေးနိုင်တော့မည်ဖြစ်သည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း။
နိုင်ငံတစ်နိုင်ငံ
ဖွံ့ဖြိုးတိုးတက်မှုသည် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များအပေါ်တွင်
အဓိကမူတည်ပါကြောင်း၊ လူငယ်များကို ပညာအမြော်အမြင်ရှိအောင်၊ ယုံကြည်ချက် ခံယူချက်
မှန်ကန်အောင်၊ စိတ်ဓာတ်ကောင်းမွန်ပြီး အများအကျိုး သယ်ပိုးတတ်အောင်
လေ့ကျင့်ပေးနိုင်မှသာ ငြိမ်းချမ်းသာယာသည့် ခေတ်မီနိုင်ငံတော်ကို
တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အသိပညာ၊ ကျွမ်းကျင်မှု၊
ကျင့်ဝတ်တို့နှင့် ပြည့်စုံပြီး အရည်အချင်းရှိသည့် ဘွဲ့ရပညာတတ်များ အရေအတွက်
များစွာမွေးထုတ်ပေးရန်လိုကြောင်း။
ပညာဟူသည်မှာ
လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် ခံယူချက်များ မြင့်မား
တိုးတက်စေနိုင်သည်ဖြစ်သဖြင့် နိုင်ငံ့အတွက်အရေးပါပြီး တန်ဖိုးကြီးမားသည့်
အခြေခံအရည်အချင်း ဖြစ်ပါကြောင်း၊ ပညာသင်ယူမှုက တစ်ဆင့်ရရှိလာသည့် စဉ်းစား ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့်
ပြဿနာ ဖြေရှင်းနိုင်စွမ်းတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊
အုပ်ချုပ်ရေး ကဏ္ဍအသီးသီးတွင် များစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း။
တက္ကသိုလ်ဟူသည်မှာ
အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရာ ဘူမိနက်သန် ဖြစ်သကဲ့သို့
ဆန်းသစ်တီထွင်သည့် နည်းပညာအခြေပြု သုတေသနများအစပြု ဖော်ဆောင်ရာနေရာလည်း
ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဦးတည်ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊
ကုန်ထုတ်လုပ်မှု စသည့်ကဏ္ဍများ တိုးတက်ကောင်းမွန်ရန်နှင့် ပြည်သူများ၏
လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် တက္ကသိုလ်များသည် အဓိကအရေးပါသည့်အခန်းကဏ္ဍမှ
ပါဝင်နေကြောင်း။
ထို့ကြောင့် Naypyitaw
State Academy ကို စတင်ဖွင့်လှစ်ခဲ့ချိန်မှစပြီး
သုံးနှစ်ကျော်ကာလအတွင်း၌ ကျောင်းသားဗဟိုပြု သင်ကြား၊ သင်ယူမှုစနစ်ကို ထိထိရောက်ရောက်
အကောင်အထည်ဖော်နိုင်ရန် ခေတ်မီ သင်ထောက်ကူပစ္စည်းများ၊ နိုင်ငံတကာအဆင့်မီ
ဓာတ်ခွဲခန်းများ၊ ရည်ညွှန်းစာအုပ်များကို ပြည့်စုံစွာ ဖြည့်ဆည်းပေးခဲ့ကြောင်း၊
ထို့ပြင် တက္ကသိုလ်တစ်ခု၏ ဂုဏ်အင်္ဂါရပ်များဖြင့် ပြည့်စုံအောင် စာသင်ဆောင်များ၊
အိပ်ဆောင်များ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်၊ အပန်းဖြေရိပ်သာ၊ အားကစားကွင်း၊
ဆရာ ဆရာမဆောင်များ၊ ဝန်ထမ်းအိမ်ရာများ စသည်တို့ကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊
တက္ကသိုလ် ပရိဝုဏ် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်ပန်းမန်များကိုလည်း
စိုက်ပျိုးပေးထားပြီး ကျောင်းသား ကျောင်းသူများ အဆင့်မြင့် ပညာရပ်များကို သင်ယူလေ့လာရင်း
တက္ကသိုလ်ကျောင်းသားဘဝ University Life ကို အေးချမ်း ပျော်ရွှင်စွာ
ခံစားစေနိုင်စေရေး ဆက်လက်စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း။
Naypyitaw State Academy တွင် အရည်အသွေးပြည့်ဝသည့် တက္ကသိုလ်ပညာရပ်များကို ဆည်းပူးခွင့်ရစေရေး
ဝိဇ္ဇာပညာ မဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဥပဒေပညာ မဟာဌာန၊
ဆေးပညာမဟာ ဌာန၊ လူမှုရေးပညာမဟာဌာန၊ အားကစားပညာ မဟာဌာနဟူသည့် မဟာဌာနကြီးခုနစ်ခုနှင့်
ဘွဲ့ကြို သင်တန်းများ၊ မဟာအရည်အချင်းစစ် သင်တန်းနှင့် မဟာဘွဲ့သင်တန်းများကို
ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ စတင်ဖွင့်လှစ်စဉ်က အထူးပြုဘာသာရပ် ၁၂ ခုကို
စတင်လက်ခံသင်ကြားခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းကို
မြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်ဓာတုဗေဒ၊ နျူကလီးယား ရူပဗေဒ စသည့်ဘာသာရပ်များ၊
နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်
ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာ၊ လူမှုရေးပညာ၊
စာကြည့်တိုက်နှင့် သုတပညာဘာသာရပ်များ၊ ကမ္ဘာ့အလယ်တွင် နိုင်ငံ၏ပုံရိပ်ကို
မြှင့်တင်ဖော်ဆောင်ပေးနိုင်မည့် သံတမန်ရေးရာ စသည့်ဘာသာရပ်များ အပါအဝင်
အထူးပြုဘာသာရပ် ၂၄ ခုအထိ တိုးချဲ့ဖွင့်လှစ်သင်ကြား နိုင်ခဲ့ပြီဖြစ်ကြောင်း။
ထိုကဲ့သို့
အထူးပြုဘာသာရပ်များကို တိုးချဲ့သင်ကြားရုံသာမက တက္ကသိုလ်၏ အသက်သွေးကြော ဖြစ်သည့်
သုတေသနများကိုလည်း ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ သုတေသနဆောင်ရွက်ခြင်းသည်
နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း
မြင့်မားရေးနှင့် သုတေသန အထောက်အထား အခြေပြုမူဝါဒများ ချမှတ်ရေးတို့အတွက်
အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါကြောင်း။
Naypyitaw State Academy အနေဖြင့် ပညာရှင်များ၏ သုတေသနရပ်ဝန်းတစ်ခုအဖြစ်
ဖော်ဆောင်နိုင်ရေး သုတေသန စာတမ်းဖတ်ပွဲများ၊ ကျောင်းသား လူငယ်များ၏ သုတေသနပရောဂျက်များကို
အားပေးမြှင့်တင်ပေး နေသည့်အပြင် လူငယ်များ အတွေးအခေါ်မြင့်မားပြီး စွမ်းရည်ပြည့်ဝစေရန်
လူငယ်စကားဝိုင်းများ၊ ပြပွဲ ပြိုင်ပွဲများ၊ လုပ်ငန်းခွင် လက်တွေ့လေ့လာရေး
အစီအစဉ်များ၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲနှင့် ဆွေးနွေးပွဲများကိုလည်း
စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် ကျောင်းသားများကို
ဘွဲ့ဒီဂရီတစ်ခုရရှိရန်အတွက်သာ မဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး
ပြည့်စုံ ကောင်းမွန်သည့် လူနေမှုဘဝကို တည်ဆောက်နိုင်ရေး တက္ကသိုလ်နှင့် Industry တို့၏ မိတ်ဖက်ချိတ်ဆက်မှု တစ်ခု ဖြစ်ပါကြောင်း။
တက္ကသိုလ်တစ်ခု
ရေရှည်တည်မြဲရေးဟူသည်မှာ စီမံခန့်ခွဲသူများ၏ မှန်ကန်ထိရောက်သည့် ဦးဆောင်မှု၊ ဆရာ
ဆရာမများ၏ အရည်အသွေးပြည့်ဝမှု၊ ကျောင်းသားများ၏ အမိတက္ကသိုလ်အပေါ်
မြတ်နိုးတန်ဖိုးထားမှုနှင့် ကြိုးစားအားထုတ်မှု၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်
မြင့်မားမှုများအပေါ် အများကြီးတည်မှီနေကြောင်း၊ ထို့ကြောင့် Naypyitaw
State Academy ၏ ခံ့ညားထည်ဝါသည့် ဂုဏ်သတင်းကို
ထိန်းသိမ်းမြှင့်တင်ပြီး နောင်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့အဆင့်မီ
ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း
ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊
ကျောင်းသားများကို
အသိပညာ၊ အတတ်ပညာ၊ ကျင့်ဝတ်သိက္ခာ ပြည့်စုံပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့်
မျိုးဆက်သစ် လူငယ်များ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်နှင့် စစ်မှန်သည့်
မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသည့်၊ စိတ်ဓာတ်မြင့်မားသည့်၊ စည်းကမ်း
ပြည့်ဝသည့်၊ အသိပညာ အတတ် ပညာနှင့် ပြည့်စုံသည့် နိုင်ငံကို ဦးဆောင်မည့်
ဘွဲ့ရပညာတတ်များကို မွေးထုတ်ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြား လိုကြောင်း။
Naypyitaw State Academy ၏ ဘွဲ့နှင်းသဘင်ခန်းမကြီးကို ယခုကဲ့သို့ ပြခန်းများ၊
ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးနိုင်သည့်အတွက်
လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုဘွဲ့နှင်း သဘင်ပရိဝုဏ်မှ
နှစ်စဉ်နှစ်ဆက်ပေါ်ထွက်လာကြမည့် ဘွဲ့ရမောင်မယ်များအနေဖြင့် နိုင်ငံတော် က
အားကိုးအားထားပြုနိုင်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးနိုင်မည့်
လူတော်လူကောင်းများ ဖြစ်လာကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏
ပိုမိုကောင်းမွန်သည့် အနာဂတ်လူ့ဘောင်ကို တည်ဆောက်နိုင်ရေး
ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်မည့် အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့်၊
နှလုံးရည်ပြည့်ဝသည့် ပညာတတ် လူရည်ချွန် လူရည်မွန်များကို ယခုဘွဲ့နှင်းသဘင်ခန်းမကြီးမှ
ဆက်လက် မွေးထုတ်ပေးနိုင်ပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍
နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌထံ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံး ခန်းမ) ဖွင့်ပွဲအထိမ်းအမှတ်
လက်ဆောင်ပစ္စည်းကို ပေးအပ်သည်။
ထို့နောက်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီးထံ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ
(ဘက်စုံသုံး ခန်းမ)အား လွှဲပြောင်းပေးအပ်သည်။
ကြည့်ရှုအားပေး
ယင်းနောက်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)
မှ ကျောင်းသား ကျောင်းသူများ၊ အနုပညာဦးစီးဌာနမှ တေးသံရှင်များ၊ နိုင်ငံကျော်တေးသံရှင်များ၊ Naypyitaw
State Academy မှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများ၊
သရုပ်ဖော်များ၊ ယိမ်းအက အလှများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြရာ နိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်
တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌက ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား
ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်ပြီး
ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အခမ်းအနားအပြီးတွင်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် အလုပ်အကိုင်အခွင့်အလမ်း ပြခန်းများအား
လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်
မှာကြားခဲ့သည်။
အဆိုပါ Naypyitaw
State Academy (ဘွဲ့နှင်းသဘင်ခန်းမ) ဘက်စုံသုံးခန်းမ
အဆောက်အအုံကို နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ
တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျား ၃၀၂ ပေ၊ အနံ ၂၁၈ ပေ ရှိကာ စုစုပေါင်းစတုရန်းပေ
၁၆၇၀၀၀ ကျော်ရှိ သုံးထပ် သံကူကွန်ကရစ် အဆောက်အအုံဖြစ်ကြောင်း၊ ဘွဲ့နှင်းသဘင် အခမ်းအနားများ
ကျင်းပနိုင်ရန်သာမက အခြားသော အခမ်းအနားများနှင့် ဖျော်ဖြေတင်ဆက်မှုများ ကျင်းပ
ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လူဦးရေ ၁၂၀၄ ဦးဆံ့ ဘက်စုံသုံး ခန်းမကြီးအဖြစ်
တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments