ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

 


ဒိုက်ဦး ဖေဖော်ဝါရီ ၅

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်သည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ် ဒိုးတန်းကျေးရွာအုပ်စု၌ သဘာဝရွက်ဖျန်း မြေဩဇာဖြင့် ပဲတီစိမ်းစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်းကြည့်ရှု အားပေးပြီး သဘာဝမြေဩဇာနှင့် သဘာဝရွက်ဖျန်းမြေဩဇာသုံးစွဲခြင်းအားဖြင့် ထွက်ရှိလာသည့် စိုက်ပျိုးရေး ထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်မှုရှိခြင်း၊ ကောင်းမွန်သည့် ဈေးကွက်ရရှိနိုင်ခြင်း၊ တောင်သူတိုင်း တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချပေးနိုင်ခြင်းအပြင် အစားအစာဘေးကင်းလုံခြုံမှုရှိသဖြင့် တောင်သူတိုင်း သဘာဝရွက်ဖျန်း မြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေး စဉ်ဆက်အပြတ် အသိပညာပေးရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် ဒိုက်ဦးမြို့နယ် အိမ်ခြေလေးဆယ်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ထွဋ်မြင့်၏ မွေးမြူရေးခြံတွင် ဒေသထွက်အစာဖြင့် ဒေသကြက်ကောင်ရေ ၃၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုအားပေးကာ ဒေသတွင်းအသားစားသုံးမှု ဖူလုံစေရေး၊ လူတိုင်းလိုအပ်သည့် အသားပမာဏအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ဒေသကြက်တိုးချဲ့ မွေးမြူရေးနှင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာ ကိုယ်တိုင်ထုတ်လုပ်မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် TBL စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာအုပ်စု၌ သဘာဝရွက်ဖျန်းမြေဩဇာ အသုံးပြု၍ မြေပဲစိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုတို့ကို ကွင်းဆင်း ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း နွေစပါး ဧက ၅၀၀ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.