(၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းဖွင့်ပွဲ ကျင်းပ
ရပ်စောက် ဖေဖော်ဝါရီ ၅
(၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရေလှောင်တမံ ဘက်စုံစီမံကိန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းခမ်း ရေလှောင်တမံ၌ ကျင်းပရာရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ကျေးဇူးတင်စကား ပြောကြား
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးက ကျိုင်းခမ်း ဘက်စုံရေလှောင်တမံ ရေရှည် တည်တံ့ခိုင်မြဲပြီး အကျိုးပြုနိုင်စေရေး ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်း ဆောင်ရွက်ပေးကြရန် ပြောကြားကာ ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းတွင် ပါဝင် ဆောင်ရွက်ခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များနှင့် ရှမ်းတိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့နှင့် တိုးနရားအက အဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ကျိုင်းခမ်း ရေလှောင်တမံဖွင့်ပွဲ ကမ္ပည်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများ နှင့်အတူ တမံကမ္ပည်းကျောက်စာ တိုင်အား အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က ကျိုင်းခမ်းရေလှောင် တမံဖွင့်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တမံ၊ ရေယူ အဆောက်အအုံ၊ ရေပိုလွှဲနှင့် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ရေအားလျှပ်စစ်စက် ပစ္စည်းများ တပ်ဆင်ပေးခဲ့သော တရုတ်ပညာရှင်များနှင့် စက်ရုံဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးများ ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ တမံရှင်းလင်းဆောင်သို့ ရောက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က တမံ ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယ ဝန်ကြီးတို့အား ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပမည့် တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ စတိတ်စင်ပြင်ဆင်နေမှုနှင့် တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများ၊ ဌာနဆိုင်ရာ ပြခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် MSME ပြခန်းများနှင့် ကုမ္ပဏီ ပြခန်းများ ပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments