တိုင်းပြည်အေးချမ်းသာယာဝပြောရေး အားလုံးလက်တွဲပူးပေါင်းဆောင်ရွက် (ကြေးမုံ)
နိုင်ငံတစ်နိုင်ငံ၏
အခြေခံလိုအပ်ချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေး ဖြစ်သည်။
ပြည်သူများအတွက် အဓိကလိုအပ်ချက်မှာလည်း တိုင်းပြည်သာယာဝပြောရေးနှင့်
စားရေရိက္ခာဖူလုံရေးဖြစ်သည်။ အဆိုပါအချက် နှစ်ချက်ကို နိုင်ငံတော်အစိုးရအနေဖြင့်
အမျိုးသားရေး ရည်မှန်းချက်အဖြစ် ချမှတ်ပြီး အကောင်အထည်ပေါ်လာအောင်
ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောမှသာ လူမှုစီးပွားဘဝများ
ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများအားလုံး ပျော်ရွှင်ချမ်းမြေ့စွာ
နေထိုင်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည်
ရေခံမြေခံကောင်းများရှိပြီး သဘာဝသယံဇာတများပေါများ ကြွယ်ဝသည်။ စိုက်ပျိုးမြေ၊
စိုက်ပျိုးရေလုံလောက်ခြင်း၊ လူဦးရေသင့်တင့်မျှတခြင်း၊ ရာသီဥတုနှင့် ဂေဟစနစ် မျိုးစုံရှိခြင်း၊
ရေချိုအရင်းအမြစ် ကြွယ်ဝခြင်း၊ လုပ်နိုင်ကိုင်နိုင်ရှိသည့် လူသားအရင်းအမြစ် ပေါများခြင်းတို့ကြောင့်
ပြည်တွင်းစားရေရိက္ခာအတွက် မပူပင်ရသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံ
ဖြစ်သောကြောင့် တစ်ဧကပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ပါက
စားရေရိက္ခာဖူလုံပိုလျှံပြီး ပြည်ပသို့ပိုမိုတင်ပို့နိုင်သဖြင့်
လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာ၍ တိုင်းပြည်သာယာဝပြောမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့်
ကုန်ထုတ်လုပ်မှုတိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊
အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
အားပေးကူညီလျက်ရှိသည်။ အရည်အသွေးကောင်းမွန်သော တန်ဖိုးမြင့်ထုတ်ကုန်များကို
ပြည်တွင်း ဖူလုံရေးသာမက ပြည်ပသို့တင်ပို့နိုင်ရေးကိုလည်း
ကူညီပံ့ပိုးပေးလျက်ရှိသည်။ စိုက်ပျိုးရေးသာမက မွေးမြူရေးနှင့် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ
လုပ်ကိုင်ဆောင်ရွက်ရာတွင် သမားရိုးကျ လုပ်ကိုင်ဆောင်ရွက်မှုအစား
ခေတ်မီနည်းစနစ်များဖြင့် အထွက်နှုန်းတိုးအောင်၊ သီးထပ်စွမ်းအား မြင့်မားအောင်၊
အရည်အသွေးကောင်းအောင်၊ ကုန်ထုတ်လုပ်မှုအဆင့် မြင့်မားလာအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။
တိုင်းပြည်သာယာဝပြောရေးအတွက်
စီးပွားရေးသည် အရေးကြီးသောကဏ္ဍဖြစ်သလို တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊
တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများအေးချမ်းစွာ လုပ်ကိုင် စားသောက် နေထိုင်နိုင်ရေးကိုလည်း
အလေးထားဆောင်ရွက် ပေးရမည်ဖြစ်သည်။ အဆိုပါ အချက်များသည်
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ပကတိလိုအပ်ချက်များဖြစ်သည်။ ဒေသတစ်ခု
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရတွင် တာဝန်ရှိသည် မှန်သော်လည်း
အဆိုပါဒေသတွင်နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း တာဝန်ရှိကြပါသည်။ ဒေသတစ်ခု
တည်ငြိမ်အေးချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကို ပျက်ပြားအောင် ထိုဒေသရှိ
အကြမ်းဖက် သမားများက ဖန်တီးခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။
လက်ရှိကာလတွင်
အကြမ်းဖက်သောင်းကျန်းသူများက မြို့ရွာများသာမက လမ်း၊ တံတားများ၊ လျှပ်စစ်ဓာတ်အား လိုင်းများကို
မိုင်းထောင်ဖောက်ခွဲခြင်း၊ ပိတ်ဆို့တားဆီးခြင်း၊ ပြည်သူပိုင် အဆောက်အအုံများကို
မီးရှို့ဖျက်ဆီးခြင်းစသည့် အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်ခြင်းကြောင့်
လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်ဝန်ဆောင်မှုများ နှောင့်နှေးကြန့်ကြာခြင်း၊ ကုန်ဈေးနှုန်းများ
မြင့်မားလာခြင်း၊ ပညာသင်ယူမှု အခွင့်အလမ်းများဆုံးရှုံးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ
မရရှိခြင်းတို့နှင့် ကြုံတွေ့ကြရပြီး ဒေသခံပြည်သူများမှာ ဒုက္ခဆင်းရဲရောက်လျက်
ရှိသည်။ နယ်မြေဒေသမတည်ငြိမ်၍ ဒေသခံပြည်သူများ လူမှုစီးပွားဘဝနိမ့်ကျခြင်း၊ အသက်အန္တရာယ်
ထိခိုက်ခြင်းတို့ကြုံတွေ့လျက်ရှိရာ ပြည်သူအချင်းချင်း စာနာ ထောက်ထားကြရမည်ဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူများသည်
အစိုးရအားတော်လှန်သည်ဟု ကြွေးကြော်သော်လည်း မိမိတို့ပြည်သူများ နေထိုင်သည့်
မြို့ရွာများကို အသုံးချဖျက်ဆီးနေကြသည့် ဆင်ခြင်တုံတရား နည်းပါးသော
မိုက်မဲမှုလုပ်ရပ်များဖြစ်သည်။ မြို့ရွာများတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်
လုပ်ဆောင်ခြင်းသည် ဒေသခံပြည်သူများသာ လူမှုစီးပွားဘဝထိခိုက်ပြီး ဆင်းရဲဒုက္ခ ရောက်ကြရသည်ကို
သတိချပ်ရမည်ဖြစ်သည်။
တပ်မတော်အနေဖြင့်
ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများနှင့်လက်တွဲပြီး လက်နက်ကိုင် သောင်းကျန်းသူများ၏
ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှု များကို
ထိန်းသိမ်းကာကွယ်လျက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်
ပြည်တွင်းအင်အားစုများကို အခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်ရေး
စနစ်ကို ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိသည်။ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး
အမျိုးသားရေးရည်မှန်းချက် အောင်မြင်စေရန်အတွက် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊
တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်
ကြရမည်ဖြစ်သည်။ သို့မှသာပြည်သူများလူမှုစီးပွားဘဝများ မြင့်မားတိုးတက်မည်ဖြစ်၍
နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး
ပူးပေါင်းလက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။
No comments