စက်မှုကုန်ကြမ်းသီးနှံ ဝါတိုးချဲ့စိုက်ပျိုးထုတ်လုပ် (မြန်မာ့အလင်း)
ဝါသည်သဘာဝချည်မျှင်
အခြေခံ MSME
စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အဓိက အကျဆုံးသော စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။ မြန်မာနိုင်ငံသည် ဝါကိုရှေးကာလများကတည်းကပင်
ပြည်တွင်း၌ စိုက်ပျိုးခဲ့ကြပြီး ရက်ကန်းလုပ်ငန်းများတွင် သုံးစွဲခဲ့ကြသလို
ဝါကုန်ကြမ်းကို ပြည်ပသို့ တင်ပို့ခဲ့သည့် သမိုင်းကြောင်းလည်း ရှိခဲ့သည်။ ယခုအခါ
ဝါစိုက်ပျိုးထုတ်လုပ်မှုကို အားပေးမြှင့်တင်၍ ပြည်တွင်းဖူလုံမှုမှသည်
ပြည်ပသို့တင်ပို့နိုင်ရန်အထိ ရည်မှန်းချက်ထား၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံအတွက်
အရေးပါသော စက်မှုကုန်ကြမ်းသီးနှံ ဖြစ်သည့် ဝါကိုနှစ်အလိုက် တိုးချဲ့စိုက်ပျိုးရန်
ကြိုးပမ်းလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်
ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေတို့ကို စီမံကိန်းဒေသများအဖြစ်
သတ်မှတ်ဆောင်ရွက်ခဲ့သည်။ ဝါစိုက်ပျိုးမှုအများဆုံး ဒေသသည်
မကွေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ဧရိယာ စုစုပေါင်း၏ ၄၅ ဒသမ ၃၇ ရာခိုင်နှုန်း၊
ဒုတိယ အများဆုံးသည် မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ၃၆ ဒသမ ၂၈ ရာခိုင်နှုန်း
ဖြစ်သည်ဟုသိရသည်။ ဝါအမျိုးအစားအနေဖြင့် ချည်မျှင်ရှည်ဝါ စိုက်ပျိုးမှုသည် ၉၄ ဒသမ
၃၃ ရာခိုင်နှုန်းရှိပြီး ချည်မျှင်တိုဝါ စိုက်ပျိုးမှုသည် ၅ ဒသမ ၆၇
ရာခိုင်နှုန်းရှိသည်။ တိုးတက်လျက်ရှိသည့် နိုင်ငံ့လူဦးရေနှင့်အညီ ဝတ်ရေး လိုအပ်ချက်အတွက်
ဝါကိုတိုးချဲ့ စိုက်ပျိုးသွားရမည်ဖြစ်သည်နှင့်အညီ ဝါစိုက်ပျိုးရေးစီမံကိန်းကာလ ပြီးဆုံးပြီးနောက်
၂၀၂၇- ၂၀၂၈ ခုနှစ်တွင် ဝါစိုက်ပျိုးရေးဧရိယာဧက ၇၄၇၀၀၀ အထိ စိုက်ပျိုး သွားနိုင်ရေးနှင့်
ဝါအထွက်နှုန်း တစ်ဧကလျှင် ပိဿာ ၇၀၀ ထွက်ရှိရေးတို့ကို ဝါသီးနှံ စိုက်ပျိုးရေးဇုန်အလိုက်
တာဝန်ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သတင်းများအရ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနသည်
ဝါစိုက်တောင်သူများအတွက် အရည်အသွေးကောင်း၊ အထွက်နှုန်းလည်း ကောင်းမွန်ပြီး
ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသော ဝါမျိုးများကို စဉ်ဆက်မပြတ် သုတေသနပြု ထုတ်လုပ် ဖြန့်ဖြူးပေးခြင်း၊
ဝါအထွက်တိုး စိုက်ပျိုးနည်းစနစ်များကို သုတေသနပြုလုပ်၍ ရရှိလာသည့်
ရလဒ်ကောင်းများကို ဝါစိုက်တောင်သူများထံ နည်းပညာဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းတစ်ဧက ပိဿာ ၇၀၀ ထွက်ရှိရေးအတွက်လည်း ဆောင်ရွက်ရန်
လမ်းညွှန်ချက်များနှင့်အညီ စီမံချက်များ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိရာ
အရည်အသွေးကောင်း ဝါများအထွက်နှုန်း ကောင်းမွန်စွာရရှိပြီး ဈေးကောင်းရရှိမည်ဆိုပါက
တောင်သူတို့ ဝင်ငွေများတိုးတက် ရရှိနိုင်ကြမည်ဖြစ်သည်။ ဝါစိုက်ပျိုးမှုကို
သတ်မှတ်ပန်းတိုင်ရည်မှန်းချက်များအတိုင်း စိုက်ပျိုးထုတ်လုပ် နိုင်မည်ဆိုပါက
ပြည်တွင်းချည်သုံးစွဲမှုကို ဖူလုံစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝင်ငွေရရှိရေးကို
ကြီးမားစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ သီးနှံများပန်းတိုင်အထွက်နှုန်း
သတ်မှတ်ပေးထားသည်များနှင့် အညီ ထွက်ရှိအောင် အားထုတ်ကြိုးပမ်းဆောင်ရွက်နိုင်ကြသည်နှင့်အမျှ
တောင်သူတို့တစ်ဦးချင်း ဝင်ငွေများ တိုးတက်ရရှိကြပြီး လူနေမှုအဆင့်အတန်းလည်း
များစွာမြင့်မားလာကြမည်ဖြစ်သည်။
“ပြည်တွင်းမှ
ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်တွင်းစျေးကွက်တွင် ရောင်းချနိုင်ရေးနှင့် ချည်ကုန်
ချောများ၊ အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊
ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်ချုပ်လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစွာ အရည်အသွေးကောင်းသော (A) အဆင့်ရှိဝါများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်လိုကြောင်း၊
ထိုမှတစ်ဆင့် ထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့်
ပိတ်အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်ရေး စက်ကိရိယာများ လိုအပ်ကြောင်း”
နိုင်ငံတော်အကြီးအကဲက ၂၀၂၄ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့်
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
သို့ဖြစ်ရာ ဝါကိုစိုက်ဧကနှင့် အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့်အတူ
အရည်အသွေးလည်း (A) အဆင့်ရှိ ကောင်းမွန်ရန်
လိုအပ်သည်။
စက်မှုကုန်ကြမ်းသီးနှံဖြစ်သော
ဝါစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်လာသည်နှင့်အမျှ ဝါစက်မှု လုပ်ငန်းများဖြစ်သည့်
ဝါကြိတ်စက်များ၊ ချည်မျှင်နှင့်အထည်စက်များ၊ အထည်ချုပ်လုပ်ငန်းများ စသည်တို့လည်း
ဖွံ့ဖြိုးတိုးတက်လာကြမည်ဖြစ်သည်။ ဝါကြိတ်စက်မှထွက်လာသည့် ဝါစေ့သည် ဝါစေ့ဆီနှင့်
တိရစ္ဆာန်အစာ ဝါကြိတ်ဖတ်တို့ ဆက်လက်ထုတ်လုပ်နိုင်သည်။ သို့ဖြစ်ရာ ဝါသီးနှံသည် MSME စက်မှုလုပ်ငန်းများနှင့် ဆက်နွှယ်ကာ အလုပ်အကိုင်အခွင့်အလမ်းများ
ပိုမိုတိုးတက်လာစေရေး အတွက်လည်း များစွာအကျိုးပြုလျက်ရှိရာ အရည်အသွေးကောင်း
ဝါမျိုးများကို စိုက်ဧကပြည့်မီ ကျော်လွန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး
အားသွန်ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။
No comments