နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များနှင့် ဒုတိယပါမောက္ခချုပ်များအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် ဖေဖော်ဝါရီ ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများအား ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာနှင့် ဆေးနှင့်နှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တက်ရောက်ကြသည်။
နိုင်ငံတော်၏ပညာရေးကဏ္ဍမြှင့်တင်ရေး
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်နိုင်ရန်အတွက် ယခုကဲ့သို့တွေ့ဆုံ အမှာစကားပြောကြား ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မိမိတို့ နိုင်ငံလူဦးရေ၏ စာတတ်မြောက်သူမှာ ၉၁ ဒသမ ၁ ရာခိုင်နှုန်းကျော်ရှိသော်လည်း အခြေခံပညာ မူလတန်းအဆင့် တတ်မြောက် အောင်မြင်သူများပြားပြီး အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့်တတ်မြောက်သူ နည်းပါးကြောင်း၊ ၎င်းမှာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှတွေ့ရှိချက်ဖြစ်ပြီး ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတို့နှင့်ပါ နှိုင်းယှဉ်လေ့လာ ကြည့်ပါက မိမိတို့နိုင်ငံ၌ ပညာရေးမြှင့်တင်ရန် လိုအပ်ချက်ကြီးမားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးရန် လိုအပ်သည်ကို တွေ့ရကြောင်း။
အခြေခံပညာအဆင့် ပညာရည်မြှင့်တင်ရေး
မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးမရရှိမီအချိန် ကာလအတွင်း ကိုလိုနီလက်အောက်ပညာရေးနှင့် ကမ္ဘာ့စစ်ဒဏ်ကို ခံစားခဲ့ရသဖြင့် ပညာသင်ကြားမှုများ ထိခိုက်ခဲ့ပြီး ပညာရေးအားနည်းခဲ့ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးရပြီးချိန် နောက်ပိုင်းတွင် ပညာမတတ်သူပပျောက်ရေးအတွက် “အ” သုံးလုံးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ကျောင်း ပညာသင်ကြားရေးနှင့်ပတ်သက်၍ အဆိုပါအချိန်ကတည်းက အားနည်းချက်များရှိခဲ့ကြောင်း၊ အတန်း ပညာသင်ကြားသည့် ကျောင်းပညာသင်ကြားမှုများနည်းပါးသည့်အတွက် ပညာတတ်များနည်းပါးခဲ့ကြောင်း၊ ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းတွင် ပညာရေးအားနည်းချက်များကြောင့် တည်ငြိမ် အေးချမ်းမှုများ ထိခိုက်ခဲ့ရသည်များရှိကြောင်း။
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း အတန်းပညာတက်ရောက်သူများသည် အတန်း ပညာသင်ကြားခဲ့ရမှု မရှိကြသူများထက် စည်းကမ်းနှင့် အလေ့အကျင့်များ ပိုမိုကောင်းမွန်ကြသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ဆရာ ဆရာမများ ၏ သွန်သင်ဆုံးမမှုများအောက်တွင် ကြီးပြင်းလာကြ သူများဖြစ်သဖြင့် ယဉ်ကျေးလိမ္မာမှုနှင့် စည်းကမ်းလိုက်နာကြမှုရှိကြခြင်းဖြစ်ကြောင်း၊ ပညာရေးအားနည်းမှုသည် နိုင်ငံ၏ တည်ငြိမ် အေးချမ်းမှုနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် များစွာအကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများသည် ပညာရေးဆိုင်ရာ အားနည်းမှု များကြောင့်ဖြစ်သည်ဟုလည်း သုံးသပ်နိုင်ကြောင်း၊ အတန်းပညာ၊ အသိပညာများအားနည်းမှုကြောင့် အခြားသူများ ၏ သွေးထိုးလှုံ့ဆော်မှုများကို စဉ်းစားတွေးခေါ်ဆင်ခြင်မှုများမရှိတော့ဘဲ လုပ်ဆောင်ကြခြင်းကြောင့် နိုင်ငံတည်ငြိမ် ရေးကို ပျက်ပြားစေခဲ့ခြင်းဖြစ်ကြောင်း။
ပညာရေးမြှင့်တင်၍ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind Set)ကို မြင့်မားလာအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအဆင့်၌ အပိုင်း ၂ ပိုင်းရှိပြီး အပိုင်းတစ်အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်းကျောင်း နေနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ပြီး အပိုင်းနှစ်အနေဖြင့် ကျောင်းတက် ရောက်နေသည့် ကလေးတိုင်းကို အမှန်တကယ် ပညာတတ်မြောက်အောင် သင်ကြားပေးရေးပင်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ နှင့်ပတ်သက်၍ အချို့ကျောင်းများမှာ စံကိုက်ဖြစ်သော်လည်း အချို့ကျောင်းများမှာ ကျောင်းအင်္ဂါရပ် များနှင့် ပြည့်စုံမှုမရှိသည်ကိုတွေ့ရကြောင်း၊ အဆင့်မြင့်ပညာဖြစ်သည့် တက္ကသိုလ်၊ ကောလိပ်များ တွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ ကျောင်းများကို စံကိုက်ကျောင်းများဖြစ်အောင် ဆောင်ရွက်ပေးမှသာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် ကျောင်းတက်ရောက်ပြီး ပညာသင်ကြားလိုစိတ်များ ရှိလာမည် ဖြစ်ကြောင်း၊ အလားတူ ဆရာ၊ ဆရာမများကိုလည်း ယခုထက်အရည်အသွေးမြင့်မားသည့် သင်ကြားမှုများ ဖြစ်စေရေးအတွက်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
သင်ကြားရေးပိုင်းဆိုင်ရာ နည်းစနစ်များ (Teaching Method)ကိုလည်း ခေတ်နှင့်လျော်ညီစွာ ဆောင်ရွက်ပေးရမည်၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်လိုသည့် စိတ်များရှိအောင် ဆွဲဆောင်၍ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သင်ကြားရေးပိုင်းနှင့် ပတ်သက်၍လည်း တိုးတက်ကောင်းမွန်လာစေရေး အမြဲသုတေသနပြုဆောင် ရွက်နေရမည်ဖြစ်ကြောင်း၊ အခြေခံပညာမူလတန်းမှစ၍ အခြေခံပညာအထက်တန်း ပြီးဆုံးသည်အထိ ပညာ သင်ကြားမှုများကို စနစ်တကျဖြင့်သင်ကြား ပေးရန်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ လိုက်နာမှုရှိစေရေးအတွက်လည်း သင်ကြားလေ့ကျင့်ဆောင်ရွက် ပေးကြစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးရန်အတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေး မြင့်မား ရေးကို ဆောင်ရွက်ပေးရန်လိုအပ်သည်ကိုလည်း တွေ့ရှိရကြောင်း။
အခြေခံပညာ စာသင်ကျောင်းများအားလုံး အဆင့်မြှင့်တင်နိုင်ရေးအတွက် အချိန်ယူဆောင်ရွက် သွားရမည်ဖြစ် ကြောင်း၊ အချို့တိုင်းရင်းသားဒေသများတွင် ဘာသာစကားအခက်အခဲများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ရောက် ကြရသူများရှိသဖြင့် ကျောင်းနေရာခိုင်နှုန်းများ နည်းပါးကြကြောင်း၊ ထို့ကြောင့် ပညာရေး လိုအပ်ချက်ရှိသည့် တိုင်းရင်းသားဒေသများတွက် ပညာရည် မြှင့်တင်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားဒေသများ၏ ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ကျောင်းသားများအား သင်ကြားမှုများ အထောက်အကူဖြစ်စေနိုင်သည့် ဆရာ၊ ဆရာမများဖြင့် သင်ကြားပေးနိုင်ရန် လိုကြောင်း၊ ကလေးငယ်များ ပညာသင်ကြားလိုစိတ်ရှိရန်နှင့် ကျောင်းနေပျော်စေရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မူကြိုကျောင်းတက်သည့် ကလေးတိုင်းသည် မူလတန်းသို့ တက်ရောက်ကြသော်လည်း မူလတန်း တက်ရောက်သည့် ကလေးတိုင်းသည် မူကြိုကျောင်းတက်ရောက်ခဲ့ရမှုမရှိကြောင်း၊ ထို့ကြောင့် ကလေးငယ်များ ကျောင်းပျော်စေရေး Teaching Method များနှင့် ပတ်ဝန်းကျင်ကောင်းများကို ဖော်ဆောင်သွားရန်လို ကြောင်း၊ KG နှင့် KG+1 သင်ကြားပေးသည့် ဆရာ၊ ဆရာမများအနေဖြင့် ကလေးငယ်များ ကျောင်းပျော် စေရေး ဂရုတစိုက်ဖြင့် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထို့ကြောင့်လည်း ပညာရေးဝန်ကြီးဌာနက ယခုနှစ်မှစ၍ ရက်တိုသင်တန်းပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်၏ အနာဂတ်အတွက် ဆောင်ရွက်ခြင်း ပင်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် အစိုးရကျောင်းများ၊ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်း များရှိကြောင်း၊ ပြည်သူအများစုမှာ အစိုးရကျောင်း များတွင် တက်ရောက်ကြခြင်းဖြစ်ကြောင်း၊ အစိုးရ အခြေခံပညာကျောင်းများတွင် တက်ရောက်ကြ သည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိက ကျောင်းတွင်ထားနိုင်သည့်သူများ မဟုတ်ဘဲ နိုင်ငံတော်မှဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ပြီး အများစုမှာ အစိုးရအခြေခံပညာကျောင်းများတွင် တက်ရောက် ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအခြေခံပညာ ကျောင်းများ၏ ပညာရေးကောင်းမွန်အောင်ဆောင် ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများ ဥပဓိရုပ်များ ကောင်းမွန်ရေးနှင့် ပညာသင်ကြားမှုများ အဆင်ပြေစေရေးအတွက် မိမိတို့အစိုးရတာဝန်ယူချိန်တွင် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ နိုင်ငံ၏ အနာဂတ်ကောင်းမွန်ရန်အတွက် ပညာရေးကို အခြေခံမှစ၍ ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ မှုများနှင့် အားပေးမှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ဆရာ၊ ဆရာမများ ခန့်ထားမှုနှင့်ပတ်သက်၍ မည်သို့သော ခန့်ထားမှုစနစ်မှလာသည်ဖြစ်စေ အားလုံးတူညီသည့် အရည်အသွေးများရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ထမ်းများ၏ ခံစားခွင့်များအား ရာထူးအဆင့်အလိုက် ထောက်ပံ့ပေးအပ်မှုများကို စီမံဖြည့်ဆည်းဆောင် ရွက်ပေးထားကြောင်း၊ ဆရာ၊ ဆရာမများ၏ နေထိုင် စားသောက်မှုများ အဆင်ပြေစေရေးအတွက်လည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ပညာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများအားလုံးအတွက် ထောက်ပံ့ကြေးများ တိုးမြှင့် ဆောင်ရွက်ပေးထားကြောင်း။
ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းနှင့်လုပ်ငန်း ခွင်တွင် စိတ်ချမ်းသာစွာ နေထိုင်နိုင်မှသာ စာပေသင်ကြားမှုများကို စိတ်ပါဝင်စားပြီး ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကလေးငယ်များ အတတ်ပညာများရရှိစေရေး နိုင်ငံတော် အပိုင်းမှ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အနာဂတ်အတွက် ပညာရေး သစ်ပင်များကို ပြုစုစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ သို့မှသာ ငယ်စဉ်ကတည်းက ပညာရေးအခြေခံကောင်းခဲ့သည့် ကလေးငယ်များသည် မြင့်မားသည့် အတန်းပညာများကို သင်ယူနိုင်မည်ဖြစ်ကြောင်း။
အဆင့်မြင့်ပညာကဏ္ဍတိုးတက်ရေး
အဆင့်မြင့်ပညာနှင့်ပတ်သက်၍ တက္ကသိုလ်နှင့် သိပ္ပံကျောင်းများတွင် ဒီပလိုမာနှင့် ဘွဲ့ကြို၊ ဘွဲ့လွန် အဆင့်များ ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းပြီးဆုံးပြီး ဖြေဆိုအောင်မြင်မှုမရှိသူ များစွာရှိကြောင်း၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား အသက်မွေး ဝမ်းကျောင်းပညာ ဒီပလိုမာပညာများ ဆက်လက်သင်ယူနိုင်ရေး ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများကိုလည်း အရည်အချင်းရှိသည့်သူများ ဖြစ်အောင် ဆက်လက်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ အဝေးသင်တက္ကသိုလ်များနှင့် ပတ်သက်၍လည်း ပညာသင်ကြားမှုများ စနစ်တကျဖြစ်စေရေးနှင့် တတ်မြောက်မှုမြင့်မားစေရေး ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တက္ကသိုလ်ပညာရေးကို ယခုထက် ပိုမိုကောင်းမွန်တိုးတက်အောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ကြိုးစားအားထုတ်မှုများဖြင့် အဆင့်မြင့်ပညာများ တတ်မြောက်အောင် သင်ကြားပေးသွား ကြရန်လိုကြောင်း။
တက္ကသိုလ်များသည် အဆင့်မြင့်အသိပညာ၊ အတတ်ပညာများကို သင်ကြားပေးခြင်းဖြစ်ကြောင်း၊ မတူညီသည့် ပညာနယ်ပယ် လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်း ဆက်ဆံမှုများကိုလည်း တက္ကသိုလ်တက်ရောက်ချိန်တွင် ရရှိခြင်းဖြစ်ကြောင်း၊ တက္ကသိုလ် အသိုင်းအဝိုင်းတွင် ဆက်ဆံရမှုများသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းကို ကောင်းမွန်သည့်အတွေ့ အကြုံများရရှိစေကာ ကောင်းမွန်သော အတွေးအခေါ် အတွေ့အကြုံများကို ရရှိစေကြောင်း၊ ထို့ကြောင့် အဆိုပါလူမှုအသိုင်းအဝိုင်းသည် ကောင်းမွန်နေမှသာ နိုင်ငံ၏ကောင်းကျိုးကို ဆောင်ရွက်နိုင်သူများ မွေးထုတ်နိုင်မည်ဖြစ်ကြောင်း။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ ပညာသင်ကြားရသည့် ပတ်ဝန်းကျင်အလိုက် လူမှု အတွေ့အကြုံများ တူညီမှုမရှိကြကြောင်း၊ အဆိုပါ အတွေ့အကြုံများအလိုက် တစ်ဦးချင်း၏ လူမှုအသိုင်းအဝိုင်းများ ကွာခြားသွားကြကြောင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း အကျင့်ကောင်းများကိုရရှိမှသာ နိုင်ငံ့အကျိုးကို ဆောင်ရွက် နိုင်သည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ ပေါများကြွယ်ဝလာမည် ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော် အစိုးရအနေဖြင့် တက္ကသိုလ်၊ကောလိပ်များ၏ သွင်ပြင်လက္ခဏာများကောင်းမွန်စေရေး တတ်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အတွက် အားကစားဆောင်ရွက်နိုင်သည့် နေရာများ နှင့် ပတ်ဝန်းကျင်ကောင်းများ ရရှိအောင်နှင့် သန့်ရှင်း သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းမှ အစ လိုအပ်သည့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ တက္ကသိုလ်များတွင် ပတ်ဝန်းကျင် ကောင်းများဖြစ်စေရန် တာဝန်ရှိသူများအနေဖြင့် ဖိဖိစီးစီး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းဖြင့် မိမိတို့၏လူမှုအသိုက်အဝန်းကို ပြုပြင်ပြောင်းလဲမှုများ တိုးတက်ကောင်းမွန် လာစေမည်ဖြစ်ကြောင်း။
တက္ကသိုလ်ပညာရေးသည် သင်ကြားခြင်းထက် လေ့လာမှု(Study)နှင့် ဆွေးနွေးမှု(Discussion)ကို ပိုမိုအလေးထား သည့်စနစ်ဖြစ်ကြောင်း၊ တက္ကသိုလ်ပညာနှင့်ပတ်သက်၍ အမှန်တကယ်တတ်မြောက် နားလည်အောင် သင်ကြားပေး သွားရန်လိုကြောင်း၊ ထို့ကြောင့်အဆင့်မြင့်ပညာတက္ကသိုလ်များ၌ လေ့လာခြင်းနှင့် ဆရာ၊ ဆရာမများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ အမှန်တကယ် ပညာတတ်မြောက်သူများ ဖြစ်စေရေး နည်းလမ်းပေါင်းစုံဖြင့် Check ၊ Recheck ၊ Counter Check ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖြစ်အောင် ဖန်တီးဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။
ပညာရည်မြှင့်တင်ခြင်းမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်း အမြစ်များရရှိစေရေး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာကျောင်းများကို ဖွင့်လှစ် သင်ကြားပေး လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူများ ရရှိလာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ GDP များ တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မိမိတို့ဒေသ၏ စားရေးကို အထောက်အကူပြုစေမည့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန် မိမိအနေဖြင့် အမြဲတိုက် တွန်းပြောကြားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွက် စီးပွားရေးပညာရှင်များလည်း လိုအပ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များ၌ စီးပွားရေးပညာရပ်နှင့်ပတ်သက်၍ အခြေခံပညာရပ်များကို သင်ကြားပေးရန်လိုအပ်သဖြင့် မိမိတို့ အစိုးရ လက်ထက်တွင် တက္ကသိုလ်၊ ကောလိပ်များ၌BA(Eco) ဘွဲ့များ ပေးအပ်နိုင်ရေးနှင့် စီးပွားရေးအခြေခံများ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ဒီမိုကရေစီနိုင်ငံတွင် ဥပဒေနှင့်ပတ်သက်၍ မဖြစ်မနေ သိရှိနားလည်ရန် လိုအပ်သဖြင့် ဥပဒေဆိုင်ရာအခြေခံဘာသာရပ်များကို သင်ကြားပေးပြီး BA(Law) ဘွဲ့များပေး အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့နိုင်ငံတွင် စားသုံးဆီနှင့် စက်သုံးဆီများကို ပြည်ပမှ နှစ်စဉ် တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ အမြောက်အမြား သုံးစွဲနေရကြောင်း၊ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ် ခဲ့ချိန်တွင်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေအမြောက်အမြား သုံးစွဲခဲ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ပြီး နိုင်ငံစီးပွားရေးတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့ခြေထောက်ပေါ်တွင် ရပ်တည်နိုင်ရေး မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ GDP တိုးတက်လာစေရေး နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပန်းတိုင် ရည်မှန်းချက်များ ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံခြားပို့ကုန်များ ပိုမိုရရှိလာမည်ဖြစ် ပြီး နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အမှန်တကယ် လုပ်ချင်ကိုင်ချင်သည့်စိတ်ဖြင့် လူသားအရင်း အမြစ်များကို အသုံးပြုပြီး နိုင်ငံစီးပွားတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တက်ရောက် လာကြသည့် အဆင့်မြင့်တာဝန်များကို ယူထားကြရသည့် ဆရာ၊ ဆရာမကြီးများအနေဖြင့်လည်း နိုင်ငံကောင်း အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ကောင်းမွန်စေရန်အတွက် ပညာရေးကဏ္ဍကို မဖြစ်မနေ ပြောင်းလဲဖော်ဆောင်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့သက်ဆိုင်ရာပတ်ဝန်း ကျင်အလိုက် တာဝန်ထမ်းဆောင်မှုများ ကောင်းမွန် အောင် ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ မိမိတို့ အနေဖြင့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ မြင့်မားလာစေရေး အားပေးဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ မိမိတို့ သင်ကြားပေးလိုက်သည့် ကျောင်းသား၊ ကျောင်းသူများအားလုံး အသိပညာနှင့် အတတ်ပညာပြည့်ဝသည့် လူသား အရင်းအမြစ်များဖြစ်အောင် မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမဆောင်သို့ရောက်ရှိကာ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ခန်းမဆောင် အဆင့်မြှင့် တင်ပြင်ဆင်နိုင်ရေး ကိစ္စရပ်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments