ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီတဂူဆရာတော်ကြီးအားဖူးမြော်ကြည်ညိုပြီး သီတဂူစက္ခုဒါနဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး

 



နေပြည်တော် ဖေဖော်ဝါရီ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါနဆေးရုံသို့ သွားရောက်၍ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာ ပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညိုသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ကော်မရှင်အတွင်းရေးမှူးတို့သည် သီတဂူစက္ခုဒါနဆေးရုံတွင် လာရောက်ကုသခွဲစိတ်မှု ခံယူထားသည့် ပြည်သူများအား မျက်မှန်များ တပ်ဆင်ပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် ဆေးရုံအတွင်း မျက်စိခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းလျက်ရှိသည့် ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများအား မေးမြန်းလျှောက်ထားကာ ဆရာတော်ကြီးထံမှ ဩဝါဒကထာ များ နာယူကြသည်။

 

ဆက်လက်၍ သီတဂူဆရာတော်ကြီးက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား ဓမ္မလက်ဆောင်များပေးအပ်သည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သီတဂူဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် မန္တလေးငလျင်ကြီး၏ ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော် မွေတော်များ ကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများ ပြုပြင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် သိန်း ၃၀၀ ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူစက္ခုဒါန ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသရန်အတွက် လာရောက်မျက်စိစမ်းသပ်သူ ၁၆၀၀ ခန့်ရှိကြောင်း၊ ထိုအထဲမှ ၅၀၀ ခန့်သည် မျက်စိခွဲစိတ်ကုသရန်လိုအပ်သူများဖြစ်ကြောင်း၊ မျက်စိခွဲစိတ်ကုသရန်လိုအပ်သည့် ပြည်သူများအား အခမဲ့ ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။  

သတင်းစဉ်

 

 

No comments

Powered by Blogger.