စက်ပစ္စည်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၆

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ (၅/၂၀၂၅-၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်း တွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ စက်ပစ္စည်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် စက် ပစ္စည်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ယခု အစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စက် ပစ္စည်း ကြီးကြပ်မှုကော်မတီသို့ ဝန်ကြီးဌာန/ အဖွဲ့အစည်းများက တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်း အမှာစာခုနစ်စောင်နှင့် စီမံကိန်းတန်ဖိုးပြောင်းလဲခြင်း အမှာစာတစ်စောင်တို့ကို အတည် ပြု ဆွေးနွေးရန်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (ဧပြီလမှ ဒီဇင်ဘာလအတွင်း)အထိ လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီအနေဖြင့် ဝန်ကြီးဌာန/ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသုံးပြုရန် ငွေလုံးငွေရင်းအသုံး စရိတ် (စက်ပစ္စည်း) များ တင်ပြ တောင်းခံလာသည့်အပေါ် စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် တာဝန်ရှိသူများက ဝန်ကြီးဌာန/ အဖွဲ့အစည်းများက တင်ပြသည့် ရန်ပုံငွေလွှဲပြောင်း အမှုတွဲ ရှစ်စောင်နှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၏ စီမံကိန်း တန်ဖိုးပြောင်း အမှုတွဲ တစ်စောင်၊ ၂၀၂၁-၂၀၂၂ ခု (၆လ) ဘဏ္ဍာရေး နှစ်မှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အထိ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ သုံးသပ်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


No comments

Powered by Blogger.