မွန်ဂိုလီးယားနိုင်ငံ၌ အေးခဲသည့်ဆောင်းရာသီကြောင့် တိရစ္ဆာန် ၂၆၃၀၀ သေဆုံး



အူလန်ဘာတာ ဖေဖော်ဝါရီ ၁၂

 

ဇန်နဝါရီလအတွင်း   မွန်ဂိုလီးယားနိုင်ငံ အလယ်ပိုင်းပြည်နယ် ယူဗာခန်းဂိုင် အပြင် အနောက်ပိုင်း ပြည်နယ်များဖြစ်သည့်  ယူဗီးစ်၊ ဘာယန်-အာဂီနှင့် ဇာဗ်ခန်းတို့၌ “Dzud” ဟု လူသိများသည့် အလွန်အေးသည့် ဆောင်းရာသီကြောင့် တိရစ္ဆာန်ပေါင်း ၂၆၃၀၀ ကျော်သေဆုံးကြောင်း နိုင်ငံ၏ အမျိုးသားစာရင်းအင်းရုံး (အင်န် အက်စ်အို) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားသည်။

 

Dzud ရာသီဥတုအခြေအနေဆိုသည်မှာ မြေပြင်၌အေးခဲပြီး နှင်းများဖြင့် ဖုံးလွှမ်းနေသောကြောင့် တိရစ္ဆာန်အရေအတွက် များစွာသေဆုံးသည့်အတွက် အလွန်အေးသောဆောင်းရာသီကို ဖော်ပြသည့် မွန်ဂိုလီးယားဝေါဟာရ အသုံးအနှုန်းတစ်ခုဖြစ်ကြောင်း သိရသည်။ မွန်ဂိုလီးယားနိုင်ငံ၌ ပြည်နယ် ၂၁ ခုအနက် ပြည်နယ် ၁၁ ခုထက် မနည်းတွင် Dzud ကို ကြုံတွေ့ ခံစားရကြောင်း အင်န်အက်စ်အိုက ထုတ်ပြန်ချက်တွင် ပြောကြားသည်။

 

တိရစ္ဆာန် မွေးမြူရေးသည် မွန်ဂိုလီးယားနိုင်ငံ စီးပွားရေး၏ အဓိကမဏ္ဍိုင်တစ်ခုဖြစ်ပြီး နိုင်ငံ၏ အိမ်ခြေ အတည်တကျမရှိသည့် လူဦးရေ ၄၀ ရာခိုင်နှုန်းခန့်မှာ အဆိုပါလုပ်ငန်းအပေါ် မှီခိုနေရကြောင်း သိရသည်။ သို့သော်လည်း ကြမ်းတမ်းပြီး ရှည်လျားသည့် ဆောင်းရာသီကြောင့် နိုင်ငံ၏ ရေကြည်ရာ မြက်နုရာသို့ လှည့်လည်သွားလာသည့် တိရစ္ဆာန်ထိန်းကျောင်းသူ အများစုမှာ နှစ်စဉ်တိရစ္ဆာန်များ ဆုံးရှုံးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် မွန်ဂိုလီးယားနိုင်ငံ၌ တိရစ္ဆာန် ကောင်ရေ ၅၈ ဒသမ ၁ သန်းရှိ ကြောင်း အင်န်အက်စ်အိုက ထုတ်ပြန်ထားသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.