လေ့ကျင့်ရာတွင် တစ်ဦးချင်းသာမက အဖွဲ့လိုက်ပါလေ့ကျင့်နိုင်ရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ရန်လိုအပ်ပြီး အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်း စစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့် ဖြစ်ရမည်ဆိုသည့် “မြဲ(၃)မြဲ”နှင့်အညီ ဆောင်ရွက်
နေပြည်တော် ဖေဖော်ဝါရီ ၂၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ
ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊
မိသားစုများအား နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး
ချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကလောတပ်နယ်မှ အရာရှိ၊
စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများက ရုံး/ဌာနများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ တပ်ရင်း/တပ်ဖွဲ့များအလိုက်
နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် လုပ်ဆောင်ရန် လိုအပ်သည့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊
စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊
စစ်ဘက်ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍
ဆွေးနွေးပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာတွင် ကလောတပ်နယ်သည် အရာရှိကြီးများကို
ဦးစီးအရာရှိကောင်းများ ဖြစ်စေရန်၊ စစ်တိုက်တော်သည့် တပ်မှူးကောင်းများ ဖြစ်စေရန်အတွက်
လေ့ကျင့်သင်ကြားပေး လျက်ရှိသည့် သမိုင်းအစဉ်အလာ ကြီးမားသည့် တပ်နယ်ဖြစ်ကြောင်း။
တပ်မတော်သားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏
တိုက်တွန်းချက်မျှ မပါရှိဘဲ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လိုသည့်
စိတ်ဆန္ဒများဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြသူများပီပီ နိုင်ငံတော်၏
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပေးအပ်လာသည့် မည်သည့်တာဝန် ဝတ္တရားများကိုမဆို
ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ကြံ့ကြံ့ခံတွန်းလှန်
သွားရန်လိုကြောင်း။
တပ်မတော်သားများသည် သစ္စာအဓိဋ္ဌာန်(၄)ချက်ကို
ရွတ်ဆိုနေကြသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထားသူများဖြစ်၍ ၂၄ နာရီပေးအပ်သည့်
အမိန့်နှင့် တာဝန်များကို သင်ကြားလေ့ကျင့်ပေးသည့် စစ်ပညာရပ်များကို အသုံးချ၍ ကျေပွန်စွာထမ်းဆောင်နိုင်ရန်
လိုအပ်ကြောင်း၊ ထိုသို့ ထမ်းဆောင်ရာတွင် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊
လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်တို့ဖြင့် မဆုတ်မနစ် ထမ်းဆောင်ကြရန်လိုကြောင်း၊
စစ်ဆင်ရေး၊ လုံခြုံရေးတာဝန်ထမ်းဆောင်ရာတွင် သင်ကြားပေးသည့် စစ်ပညာများကို မှန်မှန်ကန်ကန်
အသုံးချရန်နှင့် တပ်ဆင်ပေးထားသည့် လက်နက်၊ ခဲယမ်း၊ ကိရိယာများကို အပြည့်အဝ ထိရောက်စွာ
အသုံးချရန်လိုကြောင်း၊ သို့မှသာ ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း
ဦးစွာပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့်
ပတ်သက်၍ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်
မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံ
ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမို
ကရေစီအထွေထွေရွေးကောက်ပွဲ ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး
အပိုင်း(၃)ပိုင်းခွဲ၍ တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ်
အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု၊ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီး စီးပြီဖြစ်သဖြင့်
မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ခြင်းများကို
နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိပြီး လာမည့် မတ်လအတွင်း လွှတ်တော်
အစည်းအဝေးများ ခေါ်ယူကျင်းပကာ ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြှောက်၍ အစိုးရသစ်
တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏ တာဝန်ကို ပြန်လည်လွှဲပြောင်း ပေးအပ်သွားမည့် အခြေအနေများကို
ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြောကြားရာတွင် တပ်မတော်အနေဖြင့်
နိုင်ငံရေး အစိုးရများ မည်ကဲ့သို့ပင်ပြောင်းလဲ သည်ဖြစ်စေ မိမိတို့ တပ်မတော်သားများသည်
ပြည်သူများအတွင်းမှ ပေါက်ဖွားလာသူများဖြစ်၍ ပြည်သူကို ကိုယ်စားပြုသည့် ပြည်သူ့ဝန်ထမ်း၊
နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့ကို
ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊
ထိုသို့ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတော်ကာကွယ်ရေး
တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အတွက် တပ်မတော်၌ အင်အားတောင့်တင်းရန် လိုကြောင်း၊
စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး အကြီးအကဲများက ကြိုးပမ်းဆောင်ရွက်ကာ လိုအပ်သည်များ
ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေး မိမိတို့တတ်မြောက်
ထာသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ အသုံးချနိုင်အောင်၊ ကျန်းမာကြံ့ခိုင်သည့်
တပ်မတော်သားများ ဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”
ဆိုသည့် ဆောင်ပုဒ်အတိုင်း တိတိကျကျ လေ့ကျင့်နေကြရန်လိုကြောင်း။
လေ့ကျင့်ရာတွင်လည်း တစ်ဦးချင်းသာမက
အဖွဲ့လိုက်ပါ လေ့ကျင့်နိုင်ရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ရန် လိုအပ်ပြီး အမြဲတမ်း
လေ့ကျင့်ရမည်၊ အမြဲတမ်း စစ်ရေး သတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့် ဖြစ်ရမည်ဆိုသည့်
“မြဲ(၃)မြဲ”နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှ
အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုများကိုလည်း အမြဲမပြတ် လုပ်ဆောင်သွားကြရန်လိုကြောင်း၊
သို့မှသာ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြင့် လုပ်ငန်းတာဝန်များနှင့် စိန်ခေါ်မှု အမျိုးမျိုးကို
ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် အောင်မြင်စွာဖြေရှင်း ဆောင်ရွက်
နိုင်မည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေး ပိုင်းဆိုင်ရာများနှင့်
ပတ်သက်၍ သက်ဆိုင်ရာကွပ်ကဲ အုပ်ချုပ်သည့် တပ်မှူးများ အနေဖြင့်လည်း မိမိတပ်ရင်း/တပ်ဖွဲ့ရှိ
အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို
တပ်မှူးကောင်း စိတ်ဓာတ်ဖြင့် ညီညွတ်မျှတစွာ အုပ်ချုပ်ကွပ်ကဲကာ လိုအပ်သည်များ ဖြည့်ဆည်း
ဆောင်ရွက်ပေးသွား ကြရန်လိုကြောင်း၊ အုပ်ချုပ်မှုနှင့် သက်သာချောင်ချိမှုများ အားကောင်းပါက
စိတ်ဓာတ်သည်လည်း အလိုလိုအားကောင်း လာမည်ဖြစ်ကြောင်း။
အရာရှိ၊ စစ်သည်များအနေဖြင့် မိမိဝင်ငွေနှင့်ထွက်ငွေကို
မျှတစွာ သုံးစွဲတတ်ရန်လိုအပ်ပြီး တာဝန်ရှိသူများမှလည်း သက်သာချောင်ချိမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်
လိုအပ်မည်ဖြစ်ကြောင်း၊ ဝင်ငွေနှင့်ထွက်ငွေ မျှတစေရေး၊ ခြိုးခြံချွေတာရန် လိုအပ်သကဲ့သို့
မလိုလားအပ်ဘဲ အပိုကုန်ကျနိုင်မည့် အရက် ၊ ဆေးလိပ်၊ ကွမ်း အပါအဝင် လူမှုရေးဆိုင်ရာကိစ္စ၊
လောင်းကစားမှုဆိုင်ရာကိစ္စ စသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း အရာရှိ၊ စစ်သည်၊
မိသားစုများ လိုက်နာရန် လိုအပ်ကြောင်း။
နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့်
ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် Agro
Based Industries ကို မူဝါဒများချမှတ်၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့်လည်း
တပ်မတော်သားများ၏ သက်သာချောင်ချိရေး အတွက် ရှိပြီးဖြစ်သည့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့၍ စနစ်တကျဆောင်ရွက်ပါက မိသားစုများ၏ သက်သာချောင်ချိရေးအတွက်
များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း။
ထို့ပြင် တပ်မတော်သားများအနေဖြင့် မိမိတို့ဘဝတိုးတက်ရေးအတွက်
အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း စာကောင်းပေမွန်များကို ဖတ်မှတ်လေ့လာကြရန် လိုကြောင်း၊
တပ်တိုင်းတွင် စာကြည့်တိုက်များထားရှိ ပေးထားပြီးဖြစ်၍ စာများများ ဖတ်ရှုလေ့လာမှသာ
အသိပညာဗဟုသုတများ ရရှိလာမည်ဖြစ်ပြီး အမှားနှင့် အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်မည်ဖြစ်ကြောင်း၊
သို့ဖြစ်၍ အရာရှိ စစ်သည် မိသားစုများအနေဖြင့် စာများများ တိုးတက် ဖတ်ရှုကြရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းခြင်းများကြောင့်
နိုင်ငံတော်အနေဖြင့် ပညာရည် မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည်မြင့်မားစေရေး
အတွက်လည်း ဆောင်ရွက်ပေးလျက်ကြောင်း၊ မိမိတို့၏ သားသမီးများ စဉ်းစားတွေးခေါ်တတ်သည့်
ပညာတတ်လူငယ်များဖြစ်စေရေး အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၆
ခုနှစ် မတ်လတွင် ကျင်းပမည့် Grade -12 စာမေးပွဲတွင် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ
စာမေးပွဲထူးချွန်စွာ အောင်မြင်ရန်နှင့် အောင်ချက် ရာခိုင်နှုန်းမြင့်မားစေရေး မိဘ၊
ကျောင်းသား၊ ကျောင်းသူ၊ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း
ပြောကြားပြီး အရာရှိ၊ စစ်သည်၊ ရဲမေများ တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို
တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်
(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကို
လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်က
မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ရာ
တာဝန်ရှိသူများက အသီးသီးလက်ခံရယူ ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊
မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments