နိုင်ငံအတွင်းပညာတတ်များပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်

 


နေပြည်တော် ဖေဖော်ဝါရီ ၂၇

 

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်စောက်၊ ကလော၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ရပ်စောက်မြို့နှင့် ကလောမြို့တို့၌ ဖေဖော်ဝါရီ ၂၆ ရက်နှင့် ယနေ့တို့တွင် သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲများသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် သက်ဆိုင်ရာမြို့နယ်များအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က အမှာစကားပြောကြားရာတွင် နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်၍ NLD အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဆောင်ရွက်ပြီး နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ခေတ္တထိန်းသိမ်းထမ်းဆောင်ခဲ့ရသည့်အခြေအနေများ၊ နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ချိန်မှ စတင်၍ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ။

 

နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့မှု၊ ယင်းအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဖြစ်ပေါ်နေသည့် ကာလဖြစ်ပြီး ပြည်ဖျက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်၍ သစ္စာမဲ့သည့် နိုင်ငံ့ဝန်ထမ်းအချို့၏ လုပ်ငန်းခွင် စွန့်ခွာမှုများကိုလည်း ကြုံတွေ့ခဲ့ရမှု၊ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရာဂီမုန်တိုင်းတိုက်ခတ်မှု၏ နောက်ဆက်တွဲအဖြစ် ရေကြီး ရေလျှံမှု၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး စသည့်သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းများနှင့် နိုင်ငံရေး၊ စီးပွားရေးအရ ပိတ်ဆို့မှုများအပါအဝင် အခြားစိန်ခေါ်မှုကြီး များစွာကိုလည်း သစ္စာရှိနိုင်ငံ့ဝန်ထမ်းကောင်းများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူများ၏ စုပေါင်းအားဖြင့် အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့မှုနှင့် ဆက်လက်၍လည်း ကြုံတွေ့လာနိုင်သည့် မည်သည့် အခက်အခဲ အတားအဆီးများကိုမဆို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားသွားကြရန် လိုအပ်သည့် အခြေအနေများ။

 

ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် မဲစာရင်းများမှန်ကန်စွာ ရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်းဆောင်ရွက် နိုင်ခဲ့မှု၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ၊ ပါတီငယ်များနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လွှတ်တော်နိုင်ငံရေး စင်မြင့်တွင် ပါဝင်လာနိုင်စေရေး FPTP စနစ်၊ PR စနစ်တို့ကို ကျင့်သုံးဆောင်ရွက်ပေးခဲ့မှု။

 

နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်းသုံးပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့မှု၊ ထိုသို့မဲပေးချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မီဒီယာများက ရွေးကောက်ပွဲ မကျင်းပနိုင်စေရန်အတွက် အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မဟုတ်မမှန် ဝါဒဖြန့်ချိခြင်းများ ဆောင်ရွက်ခဲ့မှု၊ ပြည်သူများအနေဖြင့် ဆန္ဒမဲများ ပေးရာတွင် မဲရုံစတင်ဖွင့်လှစ်သည့် အချိန်မှ မဲရုံပိတ်သိမ်းချိန်အထိ တက်ကြွစွာဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) စက်များဖြင့် စနစ်တကျမဲပေးခြင်းများကို မိတ်ဖက်နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများမှ ရွေးကောက်ပွဲ လာရောက်လေ့လာစောင့်ကြည့်သူများ၊ ပြည်တွင်း/ ပြည်ပ မီဒီယာများ၏ရှေ့မှောက်တွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်ခဲ့မှု။

 

တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်ပေါင်း ၂၆၃ မြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့မှု၊ ပါတီပေါင်း ၅၈ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုမှာ ခြောက်ပါတီရှိကြောင်း၊ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သဖြင့် မကြာမီ လာမည့်မတ်လတွင် လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ် တင်မြှောက်၍ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည့် အခြေအနေများကို ဦးစွာရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ ဝန်ထမ်းကျင့်ဝတ် သိက္ခာနှင့်အညီ ကျေပွန်စွာ တာဝန်ထမ်းဆောင်ရမည် ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းကောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်ရန် လိုအပ်ပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မရှိသည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရန် အဓိကအရေးကြီးကြောင်း၊ ထိုသို့ ဝန်ထမ်းကောင်းများရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သဖြင့် မိမိတို့ တာဝန်ကျရာ ဒေသတို့တွင် ပေးအပ်သည့် တာဝန်များကို အဂတိတရား ကင်းရှင်းစွာဖြင့် ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ ပြည်ဖျက်အဖွဲ့များအနေဖြင့် ယနေ့အချိန်ထိ ကောလာဟလသတင်းများ ထုတ်လွှင့်ခြင်း၊ ငွေကြေးအရ မက်လုံးပေးစည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများဖြစ်သည့်အတွက် မလိုလားသူများ၏ သွေးထိုးသပ်လျှိုမှု၊ စည်းရုံးသိမ်းသွင်းမှု မခံရစေရေး အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား ခွဲခြားသိမြင်နိုင်ရေးသည်လည်း အရေးကြီးကြောင်း။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်တာဝန်ကို ခေတ္တစတင်တာဝန်ယူချိန်တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာ သိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများ၊ ခြိမ်းခြောက် အကျပ်ကိုင်မှုများကြောင့် ပညာရေးနှင့် ကျန်းမာရေး ဝန်ထမ်းအချို့အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်ခဲ့ကြကြောင်း၊ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ကိုဗစ်- ၁၉ ကပ် ရောဂါအပါအဝင် သဘာဝဘေး ကြုံတွေ့ရမှု အကျပ်အတည်းများကြားမှ မိမိတို့အနေဖြင့် လက်ရှိအခြေအနေအထိ နိုင်ငံတော်ကို တည်ဆောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ ယနေ့အထိ နိုင်ငံတော်က ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသည့် သစ္စာရှိ နိုင်ငံ့ဝန်ထမ်းကောင်းများကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ၏ ပညာရေးကဏ္ဍ မြင့်မားနေရန် လိုအပ်ကြောင်း၊ ပညာရေး အားနည်းခြင်းများကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပညာရည် အားနည်းခြင်းကြောင့် လူတစ်ဦးချင်း၏ တွေးခေါ်မြော်မြင်မှုများတွင် အားနည်းမှုများရှိကြောင်း၊ နိုင်ငံအတွင်းပညာတတ်များ ပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက် ပိုမို တိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း ပညာတတ်လူငယ် လူရွယ်များ လူသားအရင်းအမြစ်များ များစွာလိုအပ်ကြောင်း၊ ဆက်စပ်လျက် ၂၀၂၆ ခုနှစ် မတ်လတွင် ကျင်းပမည့် Grade -12 စာမေးပွဲတွင် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲထူးချွန်စွာ အောင်မြင်ရန်နှင့် အောင်ချက်ရာခိုင်းနှုန်း မြင့်မားအောင် တာဝန်ရှိသူများက ဆောင်ရွက်ပေးရန် လိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် KG တန်းမှစ၍ Grade -12 အထိ ကျောင်းသားလူငယ်များ စာကျေအောင်၊ စာတတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း၊ စာကျေစာတတ်မှသာ ၎င်းတို့၏ဘဝတွင် ဆက်လက်၍ အဆင့်မြင့် ပညာများကို ကောင်းမွန်စွာ သင်ယူနိုင်မည်ဖြစ်ကာ အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း။

 

ဖြည့်ဆည်းဆောင်ရွက်ပေး

ကျန်းမာရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုရှိစေရေး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဆေးရုံများ အဆင့်မြှင့်တင်ပေးခြင်း၊ လိုအပ်သည့် ကျန်းမာရေးအထောက် အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းများကို အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး နှင့်ဆက်စပ်၍ အားကစားကဏ္ဍ မြင့်မားရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ပေးအပ်သည့် တာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်မည် ဖြစ်သည့်အတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

စီးပွားရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင် နှုန်းကျော်သည် ကျေးလက်ဒေသနေ ပြည်သူများဖြစ်ကြပြီး ၃၀ ရာခိုင်နှုန်းလောက်သာ မြို့နေလူတန်းစားများ ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများအနေဖြင့် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိရိုးဖလာလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ စဉ်းစားတွေး ခေါ်နိုင်စွမ်းများ မြင့်မားလာစေရေး အတန်းပညာ၊ အတတ်ပညာ၊ အသိပညာများ မြင့်မားလာအောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အတန်းပညာများရှိမှသာ အတတ်ပညာများကို သင်ကြားနိုင်မည် ဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်းမှ အသိပညာများ ရရှိနိုင်မည်ဖြစ်သည့်အတွက် စာကောင်းပေမွန်များ ဖတ်ရှုလေ့လာကြရန်လည်း လိုကြောင်း၊ အတန်းပညာ တက်ရောက်ရန် မဖြစ်နိုင်တော့သည့် အရွယ်လွန်သည့်ပြည်သူများအား ကျောင်းပြင်ပပညာရေးဖြင့် အသိပညာ ဗဟုသုတများ ရရှိလာအောင်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း။

 

နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် Agro Based Industries ကို မူဝါဒများချမှတ်၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေးနှင့် Grade-12 ၌ပင် ပညာရေး တစ်ပိုင်းတစ်စ ရပ်တန့်ရသည့် ကျောင်းသား ကျောင်းသူများ အတွက် Vocational Training အဖြစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာ အထက်တန်း ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသအတွင်း ထုတ်ကုန်တိုးမြှင့် ရေးအတွက် စာရင်းဇယား မှန်ကန်ရေး၊ သစ္စာရှိဝန်ထမ်းများ လိုအပ်ကြောင်း၊ နိုင်ငံတော်က မျှော်မှန်းထားသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အောင်မြင်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မိမိဒေသရှိ တောင်သူများ စိုက်ပျိုး/ မွေးမြူရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ တိုးပွားစေရန် ပညာပေးခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးသွားကြရန် လိုကြောင်း၊ ဒေသထွက် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ ထုတ်ကုန်များ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက်လည်း လိုအပ်သည်များ စီမံဆောင်ရွက် ပေးသွားကြရန်နှင့် မိမိတာဝန်ကျရာ ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် စေတနာထား၍ တာဝန်ထမ်းဆောင်သွားကြရန် လိုကြောင်း။

 

နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်

တိုင်းချစ် ပြည်ချစ်စိတ်များရှိရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းအချို့အနေဖြင့် စီးပွားရေး၊ နိုင်ငံရေးတို့ နှင့်ပတ်သက်၍ မသမာမှုများ ဆောင်ရွက်ခဲ့ကြသည်ကိုလည်း တွေ့ရကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊ တိုင်းချစ်ပြည်ချစ်စိတ်တွင် နိုင်ငံသားနှင့်ပတ်သက်သည့် တိုင်းချစ်ပြည်ချစ်စိတ်နှင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်သည့် တိုင်းချစ် ပြည်ချစ်စိတ်ဟူ၍ ခွဲခြားနိုင်ကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်နှင့် သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်း တို့အပါအဝင် အထွတ်အမြတ် ထားရမည်များကို လေးစားတန်ဖိုးထား ချစ်မြတ်နိုးကြရန် ဝိုင်းဝန်းထိန်းကျောင်း တည့်မတ်ပေးရန်လည်းလိုကြောင်း။

 

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာများဖြင့် ဒေသကောင်းရာ ကောင်းကျိုးအတွက် အတ္တနှင့်ပရ ညီညွတ်မျှတစွာ ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်း ဖြစ်ရန်မှာ အဂတိတရားကင်းရှင်းရန် အရေးကြီးကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံ့စီးပွားရေး တိုးတက်ကောင်းမွန်မည်ဖြစ်ပြီး ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် ပြည်သူနှင့် နိုင်ငံတော်အပေါ် အလုပ်အကျွေးပြုနိုင်သည့် ဝန်ထမ်း ကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံသွားကြရန် လိုကြောင်း မှာကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ဗထူး)မှ ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက ကျောင်းအတွက် လိုအပ်ချက်များ ကိုလည်းကောင်း၊ ရပ်စောက်မြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစန်းယုကိုနှင့် ကလောခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာဒေါ်ဝင်းသန္တာဖြူတို့က ဆေးရုံများအတွက် လိုအပ်ချက်များကိုလည်းကောင်း၊ ကလော ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာဒေါ်စုစုငြိမ်းနှင့် အလုပ်သမားဦးစီးဌာနမှ ဦးစိုင်းမောင်လင်းတို့က သက်ဆိုင်ရာ ရုံး၊ ဦးစီးဌာနများ၏ လိုအပ်ချက်များကို လည်းကောင်း တင်ပြကြရာ တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.