ကနေဒါနိုင်ငံ၌ စာသင်ကျောင်းအတွင်းပစ်ခတ်မှုဖြစ်ပွားသောကြောင့် ကိုးဦးထက်မနည်းသေဆုံး
ဖေဖော်ဝါရီ ၁၁
ကနေဒါနိုင်ငံတွင် ပစ်ခတ်မှုတစ်ခုကြောင့် ကိုးဦးထက်မနည်း သေဆုံးပြီး လူ၂၀ ကျော် ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။
အဆိုပါပစ်ခတ်မှုသည် Tumbler Ridge မြို့ငယ်လေးရှိ စာသင်ကျောင်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Tumbler Ridge မြို့သည် Rocky တောင်တန်းများ၏ခြေရင်းရှိ မြို့ငယ်လေးဖြစ်ပြီး လူဦးရေ ၂၄၀၀ ခန့်ရှိကြောင်း အများပြည်သူပိုင် ရုပ်သံထုတ်လွှင့်သူ CBC က ဖော်ပြခဲ့သည်။ ထိုကျောင်းတွင် ကျောင်းသား ၁၆၀ ရှိသည်ဟု သိရသည်။
ကျောင်းအတွင်း လူခြောက်ဦး သေဆုံးနေသည်ကိုတွေ့ရှိကြောင်းနှင့် ပစ်ခတ်မှုနှင့်ဆက်စပ်သည်ဟု ယူဆရသော နေအိမ်တစ်ခုတွင် အလောင်းနှစ်လောင်းထပ်မံတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ဆေးရုံသို့ ပို့ဆောင်စဉ် နောက်ထပ်တစ်ဦး သေဆုံးခဲ့သည်။
သံသယရှိသူနှင့်ပတ်သက်သည့် အချက်အလက်များကို စုံစမ်းစစ်ဆေးသူများက ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်းနှင့် သံသယရှိသူသေနတ်သမားသည် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည်လည်း ကျောင်းအတွင်း သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

No comments