ဒုတိယဝန်ကြီး ဦးမင်းမင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ ယာယီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး



နေပြည်တော် ဖေဖော်ဝါရီ ၂၁


ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်တို့ သည် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် ယာယီအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဆိုက်ကပ် ရောက်ရှိလာသော ရန်ကုန်-ရနောင်း နယ်စပ်ကုန်သွယ်မှု အထွေထွေကုန်ပစ္စည်းတင် ကုန်တင် သင်္ဘောများ၏ဆိပ်ကမ်းများသို့ ဆိုက်ကပ်ဝင်ရောက်မှု၊ ကုန်စည်များ ရှင်းလင်းထုတ်ယူနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် ယာယီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သည့် မုတ္တမဆိပ်ကမ်းနှင့် ရွှေမဲဆိပ်ကမ်းများသို့ ရောက်ရှိရာ ဆိပ်ကမ်း တာဝန်ရှိသူများက ရန်ကုန်-ရနောင်း နယ်စပ်ကုန်သွယ်မှု၊ အထွေထွေကုန်ပစ္စည်းတင်ကု န်တင်သင်္ဘောများ ဆိုက်ကပ်ရောက်ရှိမှု၊ ကုန်ပစ္စည်းများ တင်/ချဆောင်ရွက်နေမှု၊ အကောက်ခွန် ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားဖြည့်ဆည်းကာ ဆိပ်ကမ်းများ အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သည့် အေးရှားဝေါဆိပ်ကမ်း၊ AIPT ဆိပ်ကမ်း၊ YIGT ဆိပ်ကမ်းနှင့် MIP ဆိပ်ကမ်းများသို့ ရောက်ရှိရာ ဆိပ်ကမ်းတာဝန်ရှိသူများက ရန်ကုန်-ရနောင်း နယ်စပ်ကုန်သွယ်မှု၊ အထွေထွေကုန်ပစ္စည်း တင်ကုန်တင်သင်္ဘောများ ဝင်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌက အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု၊ နိုင်ငံခြားသင်္ဘောကြီးများ ဆိုက်ကပ်ဝင်ရောက်ချိန် နယ်စပ်ကုန်သွယ်မှု၊ ကုန်တင်သင်္ဘောများ ဆိုက်ကပ်ဆောင်ရွက်မှုလုပ်ငန်း အခက်အခဲများအပေါ် လိုအပ်သည်များမှာကြားကာ ဆိပ်ကမ်းများအတွင်း လုပ်ငန်းများ  ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။


ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး၌ ဌာနဆိုင်ရာများနှင့်အတူ ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရန်ကုန်-ရနောင်း ရေလမ်းကြောင်းမှတစ်ဆင့် ကုန်တင်သင်္ဘောအစင်းလိုက် သွင်းကုန် လိုင်စင်ခွင့်ပြုမှုအရ ရန်ကုန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်ရောက်ရှိခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်းနှင့် ကုန်ပစ္စည်းများ စစ်ဆေးရေးဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းများ အချိန်နှင့် တစ်ပြေးညီ ဖြန့်ဖြူးနိုင်ရေးလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.