တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကော့သောင်းမြို့ရှိ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
ကော့သောင်း ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်မှ တာဝန် ရှိသူများသည် ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ (၇)မိုင် ရွှေပြည်စိုးကျေးရွာအုပ်စု သောင်ဖြူကျေးရွာ ရှိ တိုးတက်အောင် ရေငန်ပုစွန်မွေးမြူထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ကြက်မွေးမြူရေး လုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကော့သောင်းမြို့နေ ပြည်သူများအတွက် ဒေသတွင်းစားသုံးမှုဖူလုံနိုင်ရေး ဥစားကြက် စနစ်တကျ မွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည့် ကြက်ဥများကို အရွယ်အစားအလိုက် စိစစ်ရွေးချယ်ခြင်း ဆောင်ရွက်နေမှု၊ ကြက်မွေးမြူရေးလုပ်ငန်းမှ ထွက်ပေါ်လာ သည့်မစင်များ အလေအလွင့်မရှိစေရေး Bio Gass ဓာတ်ငွေ့ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့်လျှပ်စစ်နှင့်သဘာဝမြေဩဇာများ ပြန်လည်ရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ကော့သောင်းမြို့နယ် ရွှေပြည်စိုး ကျေးရွာမှ သောင်ဖြူ-ချောင်းစလန်း-ရေငန်းရှိုင်-ယမုံနာ ကျေးရွာ သွားလမ်းအားကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် အောင်သုခရပ်ကွက်ရှိ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးသစ် အာရ်စီသုံးထပ်အဆောက်အအုံ အပြီးသတ် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်း အခြေအနေကို သွားရောက်ကြည့်ရှုပြီး ဥပဒေရုံးသစ် ဖွင့်လှစ်ဆောင်ရွက်နိုင် ရေး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)

No comments