မိတ္ထီလာ၌ အမျိုးသမီးဖွံ့ဖြိုးရေးကဏ္ဍနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသင်တန်းဖွင့်

 


မိတ္ထီလာ ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများအား ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများ ပိုမိုသိရှိနားလည်စေရန်နှင့် ထပ်ဆင့်အသိပညာ ပြန့်ပွားနိုင်​စေရန် အမျိုးသမီးဖွံ့ဖြိုးရေးကဏ္ဍနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဦးစွာကျင်းပရာ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်ဦးမောင်က အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဖြစ်ပေါ်လာပုံ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ဘာသာရပ်ကို လက်ထောက် ညွှန်ကြားရေးမှူး ဦးယဉ်ဦးမောင်၊ အမျိုးသမီးများနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ သိကောင်းစရာများ၊ သတိပြု ဆင်ခြင်ဖွယ် ပလတ်စတစ် ညစ်ညမ်းမှု အန္တရာယ်ဆိုင်ရာ ဘာသာရပ်ကို ဦးစီးအရာရှိ ဦးကျော်စိုးလင်း၊ အမျိုးသမီးများနှင့် ရေချိုသယံဇာတ ထိန်းသိမ်း ရေး၊ ရေထုညစ်ညမ်းမှုလျှော့ချခြင်း ဘာသာရပ်ကို ဦးစီးအရာရှိ ဒေါ်သီရိထွန်း၊ အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကဏ္ဍဘာသာရပ်ကို ဒုတိယ ဦးစီးမှူး ဦးဟိန်းမင်းထက်နှင့် အမျိုးသမီးများနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်ကို ဒုတိယဦးစီးမှူး ဒေါ်ဝေဝေအောင် တို့က ဆွေးနွေးပို့ချသည်။

အဆိုပါသင်တန်းကို တစ်ရက်တာ ဖွင့်လှစ်ပို့ချခြင်းဖြစ်ပြီး သင်တန်းသို့ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သင်တန်းသူ ၁၂ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

 ချမ်းသာ(မိတ္ထီလာ)

No comments

Powered by Blogger.