ဇီဝနည်းပညာ အသုံးပြုထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းများ ပါဝင်ခင်းကျင်းပြသသွားမည်
နေပြည်တော် ဖေဖော်ဝါရီ ၅
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာသုတေသနဦးစီးဌာနက ဇီဝနည်းပညာ အသုံးပြု ထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းများကို ပါဝင်ခင်းကျင်းပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
ဇီဝနည်းပညာသုတေသန ဦးစီးဌာနအနေဖြင့် ပြခန်းတွင် MSME လုပ်ငန်းရှင်များအတွက် စိုက်ပျိုးမွေးမြူရေးမှ ထွက်ရှိသည့် ကုန်ကြမ်းများမှ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်သည့် နည်းပညာများ၊ အငွေ့ဖြင့် စိုက်ပျိုးနည်းပညာ၊ ဇီဝပိုးသတ်ဆေးနှင့် ပတ်သက်သည့် နည်းပညာများ၊ ဇီဝနည်းပညာ အသုံးပြုထုတ်လုပ်ထားသည့် ဇီဝဓာတ်မြေဩဇာ၊ အပင်တစ်ရှူးမျိုးပွားမှုမှ ရရှိလာသည့် ဇီဝထုတ်ကုန်များကို ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လာရောက်ကြည့်ရှုလေ့လာကြမည့် ပြည်သူများနှင့် စိုက်ပျိုးတောင်သူ များအတွက် အသိပညာပေး အစီအစဉ်များအပြင် လိုအပ်ပါက နည်းပညာဆိုင်ရာ သင်တန်းများကိုပါ ဆက်လက်ပို့ချပေးသွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇီဝနည်းပညာ သုတေသနဦးစီးဌာနမှ သိရသည်။
MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဇီဝနည်းပညာ သုတေသနဦးစီးဌာန အပါအဝင် ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြုပြခန်းများ စသည်ဖြင့် ပြခန်းစုစုပေါင်း ၁၂၄ ခန်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရင်ပြင်၌ ခြောက်ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ရက်များ အတွင်း ပြည်သူများအတွက် နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေမှုများ၊ ပျော်ပွဲရွှင်ပွဲ အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
အေးအေးသန့်

No comments