တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ခေါ်ယူကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
စစ်တွေ ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အအုံ အကြီးစားပြုပြင်ပြီးစီးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ခေါ်ယူကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လွှတ်တော်အဆောက်အအုံ ပင်မဆောင်ပြုပြင်ပြီးစီးမှု၊ အစည်းအဝေးခန်းနှင့် ရုံးခန်းများ ပြုပြင်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး အောင်မြင်စွာခေါ်ယူကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်ကို မကြာမီကာလတွင် ခေါ်ယူ ကျင်းပမည် ဖြစ်သည့်အတွက် ပြည်နယ်လွှတ်တော် ဆိုင်ရာလုပ်ငန်းများကို အလျင်အမြန် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကူညီပေး ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လွှတ်တော်အင်္ဂါရပ် တင့်တယ်လှပစေရန် အဆောက်အအုံများ၊ အသုံးအဆောင်များကို အချိန်မီပြင်ဆင်လျက်ရှိကြောင်း၊ မကြာမီကာလတွင် ပေါ်ထွက်လာမည့် ပြည်နယ်လွှတ်တော်အတွက် ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ကောင်းမွန်ရေးအပြင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခင်ကာလနည်းတူ စီမံဆောင်ရွက်ပေး သွားကြရန်နှင့် တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခုဖွဲ့စည်းမည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများတွင် ပါဝင်ကြမည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ခေါ်ယူကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လျာထားဖွဲ့စည်း ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက အကြံပြုဖြည့်စွက် ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည် သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments