ယူရိုပါလိဂ်ရှုံးထွက်အဆင့် ပထမအကျော့တွင် နော်တင်ဟမ်၊ ဆဲလ်တာဗီဂို၊ စတုဂတ်တို့ နိုင်ပွဲရပြီး လိုင်လီရှုံးနိမ့်
ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ရှုံးထွက်အဆင့်မှ ပထမအကျော့အဖြစ် ဖေဖော်ဝါရီ ၂၀ ရက် နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် တူကီယဲကလပ် ဖီနာဘာချီအသင်းနှင့်
နော်တင်ဟမ်ဖောရက်စ်အသင်း ပွဲစဉ်တွင် နော်တင်ဟမ်ဖောရက်စ်အသင်းက တိုက်စစ်ခြေစွမ်းပြကာ သုံးဂိုးပြတ်နိုင်ပွဲရရှိပြီး နောက်တစ်ဆင့်တက်ရေး အခွင့်အရေးတစ်ရပ် ပိုင်ဆိုင်ခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်အသင်းသည် ဘောလုံးပိုင်ဆိုင်မှုပိုင်း အသာမရခဲ့သော်လည်း
ရရှိလာသည့်အခွင့်အရေးများကို အမိအရ အသုံးချကာ
သွင်းဂိုးများအဖြစ်ပြောင်းလဲပြီး ဂိုးပြတ်နိုင်ပွဲဖော်ဆောင် နိုင်ခဲ့သည်။ အထူးသဖြင့်
နော်တင်ဟမ်ဖောရက်စ်အသင်းသည် ခံစစ်-ကွင်းလယ်-တိုက်စစ်ပိုင်းကို လျင်လျင်မြန်မြန် ချိတ်ဆက်ကစားပြီး ပြိုင်ဘက်ဖီနာဘာချီအသင်း၏ ခံစစ်ပိုင်းအားနည်းမှုကို အသုံးချနိုင်ခဲ့ သည့်အတွက် ဂိုးပြတ်နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဖီနာဘာချီအသင်းသည် ဂိုးရရှိရန် နီးစပ်သည့်အခွင့်အရေးများနှင့် အတူ ဂိုးပေါက်ခြိမ်းခြောက်မှု အများအပြားရရှိခဲ့သော်လည်း
နော်တင်ဟမ် ဂိုးသမား အော်တီဂါ၏ လက်စွမ်းပြကာကွယ်ဟန့်တားနိုင်မှုများနှင့် အသင်းကစားသမားများ၏ အဆုံးသတ်ပိုင်း မသေချာမှုများကြောင့် ရှုံးပွဲကြုံတွေ့ခဲ့သည်။ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက်
သွင်းဂိုး များကို မော်ရီလို၊ အီဂေါဂျေဇူးနှင့်
ဂစ်ဝှိုက်တို့က သွင်းယူပေးခဲ့သည်။ နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် ဖီနာဘာချီအသင်းတို့၏ ယူရိုပါလိဂ် ရှုံးထွက်အဆင့်
ဒုတိယအကျော့ကို လာမည့် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစား
သွားမည်ဖြစ်သည်။
အခြားပွဲစဉ်ရလဒ်များတွင် ဘိုလော့ဂ်နာက
ဘရန်းကို တစ်ဂိုး-ဂိုးမရှိ၊ ဂျန့်ခ်က
ဒိုင်နမိုဇာဂရက်ကို သုံးဂိုး- တစ်ဂိုး၊ ဆဲလ်တာဗီဂိုက
PAOK ကို နှစ်ဂိုး-တစ်ဂိုး၊ စတုဂတ်က ဆဲလ်တစ်ကို
လေးဂိုး-တစ်ဂိုး၊ ဇဗက်ဒါက လိုင်လီကို တစ်ဂိုး-ဂိုးမရှိ၊ လူဒိုဂိုရက်စ်က ဖယ်ရင်ဗားရို့စ်ကို
နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲအသီးသီးရရှိပြီး ပါနာသီနိုင်ကော့စ်နှင့် ဗစ်တိုးရီးယားပဲလ်ဇန်အသင်းပွဲစဉ်တွင်
တစ်ဖက်နှစ်ဂိုးစီဖြင့် သရေကျ ခဲ့သည်။ အောင်ဇော

No comments