(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
နေပြည်တော်
ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏
ယနေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားများကို
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ အသီးသီးတို့၌
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်
ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့်
တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊
ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်
အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား
အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား
အလေးပြုခြင်းများ ဆောင်ရွက်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
သတိုးမဟာသရေ စည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၉ )နှစ်မြောက်
ပြည်ထောင်စုနေ့ သဝဏ်လွှာကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များက
အသီးသီးဖတ်ကြားကြသည်။
ထို့နောက် (၇၉) နှစ်မြောက်
ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဆိုင်းဘုတ်ဖွင့်ပွဲများ၊ အသေးစား၊ အငယ်စား၊
အလတ်စား စီပွားရေးလုပ်ငန်း (MSME) ထုတ်ကုန်ပြပွဲများ၊
ဈေးရောင်းပွဲတော်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲများ၊
အားကစားပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊
တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသူများနှင့်အတူ
ဌာနဆိုင်ရာအသိပညာပေးပြခန်းများနှင့် ပုဂ္ဂလိက ပြခန်းများအား
လိုက်လံကြည့်ရှုအားပေးကြသည်။
ထို့ပြင် (၇၉) နှစ်မြောက်
ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင်
ဆုရရှိကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်
တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုများ သီးသီးပေးအပ်ချီးမြှင့်ကြပြီး
တက်ရောက်လာကြသူများအား တိုင်းရင်းသားရိုးရာ အစားအစာစတုဒိသာ များဖြင့်
တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။
ညပိုင်းတွင်
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတို့၌
ရောင်စုံမီးပန်း အလှများနှင့် ပျော်ပွဲရွှင်ပွဲများ အသီးသီးကျင်းပခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments